ပူတာအိုမြို့၌ ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ဆိုင်းဘုတ်စိုက်ထူ

ပူတာအို မေ ၂

ကချင်ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး၏ကြီးကြပ်လမ်းညွှန်မှု၊ပူတာအိုမြို့နယ်သစ်တောဦးစီး ဌာန၏ဦးဆောင်မှုဖြင့် ပူတာအိုဒေသတွင်ကျက်စားနေထိုင်ပြီး မျိုးသုဉ်းပျောက်ကွယ်နိုင်သည့် တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ရောင်းဝယ်မှုအန္တရာယ်မှ ကာကွယ်တားဆီးနိုင်ရန်နှင့် ဒေသခံပြည်သူများမှ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကို မေ(၂)ရက် နံနက်(၇)နာရီက ပူတာအိုမြို့ လူအသွားအလာများသောနေရာများ၌စိုက်ထူခဲ့ကြသည်။

အသိပညာပေးဆိုင်းဘုတ်တွင် ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက် ခြင်းဆိုင်ရာဉပဒေဖြင့် မြန်မာနိုင်ငံလုံးတွင်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်အမျိုးအမည်ပါဝင်သည့် အသိပညာပေးဆိုင်းဘုတ်၊ သဘာဝတောရိုင်းတိရစ္ဆာန်များ အပင်များကိုမသတ်ရန်မဖျက်ဆီးကြရန် မြန်မာ၊လီဆူ၊ရှမ်း၊ဂျိမ်းဖော ဘာသာစကားလေးမျိုးဖြင့်ရေးသားထားသည့် အသိပညာပေးဆိုင်းဘုတ်၊ တောရိုင်းတိရစ္ဆာန်များ သဘာဝအပင်များနှင့်၎င်းတို့၏ သဘာဝအတိုင်းပေါက်ဖွားရာ ပေါက်ရောက်ရာနေရင်းဒေသများကို ကာကွယ်ထိန်းသိမ်းရန် နိုင်ငံတော်ကဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဉပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များပါ အသိပညာပေးဆိုင်းဘုတ်များကိုစိုက်ထူခဲ့ကြခြင်းဖြစ်သည်။

အဆိုပါအသိပညာပေးဆိုင်းဘုတ်စိုက်ထူရာတွင် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစောဖန်း အောင်နှင့်ဝန်ထမ်းများ၊ အခြားဆက်စပ်ဌာဆိုင်ရာအဖွဲ့အစည်းများ၊ ရဝမ်၊ လီဆူ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများက ပူတာအိုမြို့မြို့မဈေး၊လေယာဉ်ကွင်းရပ်ကွက် ရုပ်တုလမ်းဆုံနှင့်နံနက်ဈေး၊ ကောင်းမှုလုံနှင့်မချမ်းဘော လမ်းဆုံနေရာများတွင် ပူးပေါင်းစိုက်ထူခဲ့ကြကြောင်း သိရသည်။

ဖုန်ကန် (ပူတာအို)