မိုးညှင်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ကျေးရွာများ သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

မိုးညှင်း မေ ၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများသုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီခွဲက ခရိုင်ကျေးလက်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်ထိုက်က မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများသုံးသပ် ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက မြစိမ်းရောင်စီမံကိန်း ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းခံရသည့် ကျေးရွာ(၃)ရွား၏ ဆောင်ရွက်မှု အခြေနေများမှ အားသာချက်များကို ဆွေးနွေးပြောကြားပြီး မြစိမ်းရောင်စီမံကိန်း အကောင်းဆုံး ဆောင်ရွက်ခဲ့သည့် ရွှေလက်ပံကျေးရွာ၊ လယ်ဦးကျေးရွာနှင့် နန့်လှိုင်ကျေးရွာတို့မှ ကော်မတီဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းဆောင်ရွက်နေသည့် ကျေးရွာ(၅၅)ရွာမှ အဖွဲ့ဝင်များနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းဆောင်ရွက်နေသည့် ကျေးရွာ (၉)ရွာမှ အဖွဲ့ဝင်များက စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ စီမံကိန်း၏ အားနည်းချက် အားသာချက်များနှင့် တွေ့ကြုံရသည့် အခက်အခဲများကို အသီးသီး ဆွေးနွေးတင်ပြကြရာ အဆိုပါ ဆွေးနွေးတင်ပြချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း