မြောင်းမြတွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြောင်းမြ မတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်း  ကိုရိုနာဗိုင်းရပ်(စ်)ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌကိုယ်စား ယာယီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနှစ်ဆန်းဦးက အခြားနိုင်ငံများတွင်  ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကူးစက်ခံနေရမှုအခြေအနေများ၊ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေမှုများ၊ ကိုရိုနာဗိုင်းရပ်(စ်))ရောဂါနှင့်ပတ်သက်သည့် သတင်းအတု၊ သတင်းမှန်များကို ခွဲခြားသိရှိနိုင်ရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Website မှ အချိန်နှင့်တစ်ပြေးညီ သတင်းအမှန်များ တင်ပြပေးနေမှုအခြေအနေ၊  ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ဖြစ်ပွားလာပါက ကျန်းမာရေး စောင့်ရှောက်မှုများပေးနိုင်ရေးအတွက် မြောင်းမြခရိုင်ပြည်သူ့ဆေးရုံကြီးတွင် Isolations Ward  ကုသဆောင်များ၊ ကျန်းမာရေးဝန်ထမ်းများအတွက် PPE ဝတ်စုံများ ၊ N-95 Mask များ၊ ဆေးဝါးများ၊ ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို Projecter Power point  ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး မြို့နယ်ကျန်းမာရေးမှူး ဦးသန်းဌေးက  လူစည်ကားရာနေရာများ၊ တည်းခိုခန်းများတွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးပိုစတာများအား ပြည်သူများ သိရှိလေ့လာနိုင်ရေးအတွက် ပြသဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက မိမိတို့သိလိုသည်များနှင့် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေမှုများကို  ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်မင်း (မြောင်းမြ)