ဖျာပုံမြို့နယ်၌ ပင်လယ်ပြင်ဘေး လုံခြုံရေးနှင့် ငါးလုပ်ငန်းဥပဒေနှင့်အညီ ငါးလုပ်ငန်းစီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်

ဖျာပုံ ဖေဖော်ဝါရီလ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ကျင်းပသော ပင်လယ်ပြင်ဘေးလုံခြုံရေးနှင့် ငါးလုပ်ငန်းစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၉) အချိန်တွင် ဖျာပုံမြို့နယ် ငါးလုပ်ငန်းသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဖျာပုံမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်က အဖွင့်အမှာစကား ပြောကြားပြီး ဖျာပုံမြို့နယ် ငါးလုပ်ငန်းသင်တန်းကျောင်း တာဝန်ခံ ဒေါ်ခင်ခင်အေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သော ကျားဖောင် ရေလုပ်ငန်းမှာ ရေလုပ်သားများ ဘေးအန္တရာယ် ကျရောက်မှုမရှိစေရန်၊ လုပ်ငန်းကျွမ်းကျင်မှု ရှိစေရန်၊ ငါးသားပေါက်ဖွားမှုကိုသိရှိပြီး ငါးသယံဇာတ တိုးပွားလာရန်၊ ငါးမျိုးပြုန်းတီးမှုမရှိ‌စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ကျော်ဖြိုးအောင် ကျားဖောင်လုပ်ငန်းရှင် ဦးမင်းဦးက “ကျွန်တော်တို့ဘာမှမသိဘဲနဲ့ လုပ်နေရတာထက်စာရင် ယခုကဲ့သို့ သင်တန်းတက်ရောက်ရခြင်းကြောင့် ရေချိုရေငန် ငါးဖမ်းလုပ်ငန်း အကြောင်းကိုသိရှိရပြီး ကျွန်တော့်လက်အောက် အလုပ်သမားများကို ပြန်လည်ရှင်းပြခြင်းအားဖြင့် ဆောင်ရန်၊ ရှောင်ရန်များကို သူတို့သိရှိနိုင်မှာဖြစ်သည့်အတွက် အန္တရာယ်ကင်းကင်း စိတ်ချမ်းသာစွာဖြင့် အလုပ်လုပ်နိုင်တော့မှာဖြစ်ပါတယ်။ ယခုနှစ်မှာ ရေချို ရေငန် ငါးဖမ်းဥပဒေ၊ နည်းဥပဒေတွေ ထွက်ပေါ်လာတော့မှာဖြစ်တဲ့အတွက် စည်းစနစ်တကျ လုပ်ကိုင်ကြပြီး အလုပ်သမားမှားရင်လည်း အလုပ်သမားကို အရေးယူပါ၊ အလုပ်ရှင် မှားရင်လည်း အလုပ်ရှင်ကို တိတိကျကျ မှန်မှန်ကန်ကန်ဖြစ်အောင် အမှန်ဆုံးလုပ်စေချင် ပါကြောင်း”  ပြောကြားသည်။

အဆိုပါ သင်တန်းကို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့ထိ (၂)ရက်ကြာ သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ဖျာပုံမြို့နယ်အတွင်းရှိ ကျားဖောင်လုပ်ငန်းရှင် စုစုပေါင်း (၃၀)ဦး တက်ရောက်ကြကြောင်းသိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)