ဗန်းမော်မြို့တွင် နွေရာသီ ယဥ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် အလှူရှင်ဂုဏ်ပြုပွဲ အခမ်းအနား ပြုလုပ်

ဗန်းမော် မေ ၄

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် (၁၉)ကြိမ်မြောက် အရုဏ်ဦးနွေရာသီယဥ်ကျေးလိမ္မာ သင်တန်းဆင်းပွဲနှင့် အလှူရှင်ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲမှ နေ့လည် ၁ နာရီအထိ မင်းလှရပ်ကွက်၊ မင်းလှဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ရတနာမြတ်သုံးပါးနှင့် မိဘဆရာသမားတို့အား ရှိခိုးကန်တော့၍ သရဏဂုံနှင့် ငါးပါးသီလခံယူဆောက်တည်ခြင်း၊ နမ့်ဖားကျောင်းဆရာတော် ဘဒ္ဒန္တမဏ္ဍလ၊ တံခွန်တိုင်ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာသဖ၊ မင်းလှကျောင်းဆရာတော် ဘဒ္ဒန္တဝိစိတ္တတို့ထံမှ သြဝါဒခံယူပြီး အလှူရှင်များက ရေစက်ချအမျှပေးဝေခြင်း၊ သင်တန်းဆရာ၊ ဆရာမများအား သင်ကြားရေးဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းနောက် ယဥ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်ပြီး ဒုဥက္ကဋ္ဌ ဦးသော်နှင့် ရပ်မိရပ်ဖ ဦးထွန်းကြိုင်တို့က အမှာစကားပြောကြားခြင်း၊ သင်တန်းစာအောင်ဆုများ ပေးအပ်ခြင်း၊ အလှူရှင်များနှင့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်း၊ အသက် သိက္ခာဂုဏ်ဝါကြီးမားသော အဘိုးအဘွားများအား ကန်တော့ခြင်းနှင့် အကပဒေသာ တင်ဆက်ကပြခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ ယဥ်ကျေးလိမ္မာသင်တန်းကို မတ် ၁၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ (၁၂၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်