ကချင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ မြစ်ကြီးနားမြို့ လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်၌ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မြစ်ကြီးနား မေ ၄

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စေတီတော်ဝင်းအတွင်းရှိ ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်သည်။

ရှေးဦးစွာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ခေမာသီဝံကျောင်းတိုက်ဒုတိယနာယက အဂ္ဂမဟာ ပဏ္ဍိတ ဘန္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသော ဆရာတော်သံဃာတော်များထံမှ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး မေတ္တာသုတ် တရားတော်များကို နာယူကြည်ညိုကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာသူများက ဆရာတော်များထံ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီး ဆက်ကပ်လှူဒါန်းကြရာ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်းပွဲအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ယင်းနောက်ဆရာတော်များထံမှ အနုမောဒနာတရားနာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့နောက် မွန်းတည့် ၁၂ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက စေတီတော်ပရဝုဏ်အတွင်း အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအဖြစ် ဘုရားအမှူးရှိသော ဆရာတော်သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူပူဇော်ခဲ့ကြသည်။

အလားတူ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကဆုန်လပြည့် ဗုဒ္ဓနေ့ ညနေပိုင်းက မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် သကျမာရဇိန် အံတော်ရှင်စေတီတော် ပရဝုဏ်အတွင်း မြို့နယ်လုံးကျွတ် သံဃာတော်များ စုပေါင်း၍ အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပ ပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီး၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုပေါင်း၍ သံဃာ့ဒါနအဖြစ် သံဃာတော်အပါး (၁၀၀၀) ကျော်အား ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများကို လောင်းလှူပူဇော်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများသည် ညပိုင်းတွင်လည်း လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော် ပရဝုဏ်အတွင်း ကုသိုလ်ကောင်းမှု ပြုသူများနှင့်အတူ ဆီမီးတစ်ထောင်ကို ထွန်းညှိပူဇော်ခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်