ဗန်းမောက်မြို့၌ ကဆုန်လညောင်ရေသွန်းလောင်းပွဲနှင့် ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

ဗန်းမောက် မေ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် မြန်မာသက္ကရာဇ်(၁၃၈၅)ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်မှစ၍ မဟာဗောဓိ ညောင်ရေသွန်းလောင်းပွဲနှင့် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မြို့မစေတီကုန်း ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ရေသွန်းလောင်ပွဲသို့ လာရောက်ကြသည့် တရားနာပရိသတ်အပေါင်းတို့က မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ၊ မြို့မကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစ္စတ္တမထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ညောင်ရေသွန်းပရိတ်တရားတော်များကို နာကြားကြကာ စေတီကုန်းဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိ မဟာဗောဓိညောင်ပင်အား ညောင်ရေ သွန်းလောင်းခဲ့ကြသည်။

ထို့နောက် ညောင်ရေသွန်းလောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ လာရောက်ကြသူများအား စေတနာရှင်၊ အလှူရှင်များက စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။ ဆက်လက်၍ မြို့ပေါ် ရပ်ကွက်များရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်အပါး စုစုပေါင်း (၁၅၀)ကျော်အား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။

ရဲအောင်(ဗန်းမောက်)