မြစ်ကြီးနား မေ ၅
မြန်မာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံး ညီလာခံကျင်းပခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များ စည်းလုံးညီညွတ်စွာ ပေါင်းစည်းနိုင်ခဲ့သည့် ၁၉၄၆ ခုနှစ် မေ ၅ ရက်နေ့ကို အစွဲပြုကာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အဖြစ် ကျင်းပလာခဲ့ရာမှ ၂၀၂၃ ခုနှစ် ယနေ့ကျရောက်သည့် (၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနက ယနေ့နံနက် ၈ နာရီခွဲတွင် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို အဆိုပါကျောင်းဝင်းအတွင်းရှိ အေးမြသီတာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်(၁၀)ပါးနှင့်အညီ နေထိုင်ကျင့်ကြံပြီး ပြည်သူလူထု၏ လိုအပ်ချက်၊ အသက်အိုးအိမ် စည်းစိမ်နှင့် ဘေးန္တရာယ်အမျိုးမျိုးမှ ကာကွယ်ဆောင်ရွက်ပေးကြရေး၊ ဒါ့အပြင် ပြောင်းလဲတိုးတက်လာသည့် မီးသတ်လုပ်ငန်းဆိုင်ရာများကို မျက်ခြေမပြတ် လေ့လာဆည်းပူးပြီး မိမိတို့ နိုင်ငံသားများအတွက် ပြန်လည်အသုံးချနိုင်ရေး စွမ်းဆောင်ရည်မြင့်မားအောင် ကြိုးပမ်း ဆောင်ရွက်ကြရေးနှင့် ယနေ့ကျရောက်သည့် မီးသတ်တပ်ဖွဲ့နေ့တွင် ခေတ်အဆက်ဆက် တာဝန် ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိသူ၊ အသက်ပေးသွားသူ တပ်ဖွဲ့ဝင်များ၏ ခမ်းနားလွန်းလှသည့် ဂုဏ်ဒြပ်ကို အလေးပြု ဦးညွှတ်ရင်း အနာဂတ်တွင် ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုများကို အနိုင်ယူကြရန်လိုကြောင်း ဂုဏ်ပြုပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အခမ်းအနားတက်ရောက်လာကြသူများက ပြခန်းအတွင်း မီးငြှိမ်းသတ်ရေးနှင့် ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ယင်းနောက် ကျောင်းအားကစားကွင်းအတွင်း မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ်များနှင့် ရှာဖွေ ကယ်ဆယ်ရေးယာဉ်တန်းများက အလေးပြုချီတက်ကြခြင်း၊ ကွင်းအတွင်း GAS မီးလောင်မှု၊ ဆီမီးလောင်မှု၊ ဆီဘောက်ဆာမီးလောင်မှုများ၊ LUF Micro မီးသတ်ယာဉ်၊ Fire Fighting Operation For Tank Fire ၊ ကျေးလက်မီးငြှိမ်းခြင်းသတ်နည်း၊ ငလျင်ဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးနှင့် မီးသတ်ယာဉ်များမှ Water Colour ဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြခြင်းများ ကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သရုပ်ပြမီးသတ်တပ်ဖွဲ့ဝင်များအား တစ်ဦးချင်းစွမ်းဆောင်ရည် မြင့်မားအောင် လေ့ကျင့်ခြင်းဖြင့် မိမိတပ်ဖွဲ့၏ ဂုဏ်ကို မြှင့်တင်ပေးခြင်းဖြစ်သလို ပြည်သူက လေးစားအားကျ ယုံကြည်အားကိုးရသည့် တပ်ဖွဲ့ဝင်များ ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်ကြရေး အားပေးပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သရုပ်ပြမီးသတ်တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၀) သိန်းစီဖြင့် စုစုပေါင်းငွေကျပ်သိန်း (၂၀) ကို ချီးမြှင့်ပေးအပ်ရာ ပြည်နယ် ဦးစီးမှူး ဦးသန်းဇော်ဦးနှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်