အင်ဂျန်းယန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 (Arcturus) ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံပေး

မြစ်ကြီးနား ဧပြီ ၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စု၊ ပိတောက်မြိုင်ကျေးရွာ၊ စိန့်ဂျိုးဇက် ယာယီ တိုက်ပွဲရှောင်စခန်း (IDP Camp) တွင် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသော မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်မှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အင်ဂျန်းယန်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတဥက္ကဋ္ဌ ဦးရဲရင့်လှိုင်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကာကွယ်ဆေးများ ထိုးနှံပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးထွေးညွန့်လွင်က ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး XBB. 1.16 (Arcturus) ကူးစက်ဖြစ်ပွားမှုများ၊ ကူးစက်ခံရလျှင် ဖြစ်ပေါ်တတ်သော ရောဂါလက္ခဏာများနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် စိန့်ဂျိုးဇက် ယာယီတိုက်ပွဲရှောင်စခန်း (IDP Camp)တွင် နေထိုင်သော အင်ဂျန်းယန်မြို့နယ်မှ ပြည်သူများအား မြို့နယ်ကိုဗစ်၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ က ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ ပေးခဲ့ကြကြောင်းနှင့် အသိပညာပေးဟောပြောပွဲတွင် တက်ရောက်လာသည့် ယာယီ တိုက်ပွဲရှောင်စခန်းမှ ပြည်သူ (၁၀၀) ဦးခန့်အား ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူလူထုသို့ အသိပေးတိုက်တွန်းနှိုးဆော်ချက် အသိပညာပေး လက်ကမ်းစာစောင်များနှင့် (Mask) အခုရေ (၁၀၀၀) ကျော် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ကျော်စိုးနိုင်(မြို့နယ် ပြန်/ဆက်)