ဝိုင်းမော်မြို့နယ်၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း ဖွင့်လှစ်မည့် လုပ်ငန်းစီမံချက်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပ

ဝိုင်းမော် မေ ၅

ကချင်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဖွင့်လှစ်သွားမည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း ဖွင့်လှစ်မည့်လုပ်ငန်းစီမံချက်နှင့် ပတ်သက်၍ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများအား အသိပညာပေးဆွေးနွေးပွဲကို မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ရပ်ကွက် (၂)ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း စက်မှု၊ စိုက်ပျိုးရေး နှင့် မွေးမြူရေး အထက်တန်းကျောင်းဆောင်တွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဌေးလွင်က စိုက်ပျိုးရေးဆိုင်ရာ ဘာသာရပ်များနှင့် သင်ကြားပေးသွားမည့် အခြေအနေများအားလည်းကောင်း၊ ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းအေးက မွေးမြူရေးနှင့်ကုသရေးဆိုင်ရာ သင်ကြားပေးသွားမည့် ဘာသာရပ်များအားလည်းကောင်း၊ အစိုးရနည်းပညာ အထက်တန်း ကျောင်း (မြစ်ကြီးနား)မှ ကျောင်းအုပ်ကြီး ဦးမျိုးမင်းဦးက ကျောင်းသား/သူများအား သင်ကြားပေးသွားမည့် စက်မှုနည်းပညာ ဘာသာရပ်များနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြစ်ကြီးနားခရိုင် ပညာရေးမှူး ဦးရဲအောင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းဖွင့်လှစ်မည့် လုပ်ငန်းစီမံချက်နှင့် ပတ်သက်၍ ကျောင်းသား/သူများ လက်ခံနိုင်ရေး အစီအစဉ်များ၊ ယခုသင်တန်းမှတစ်ဆင့် ရရှိနိုင်မည့် အခွင့်အလမ်းများအား ရှင်းလင်းပြောကြားရာ တက်ရောက်လာသည့် ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများက သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး အခမ်းအနားသို့ ပြည်နယ်၊ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား/သူများ အင်အား (၂၀၀) ကျော် တက်ရောက်ပြီး စိတ်ပါဝင်စားပြီး သတ်မှတ်အရည်အချင်းနှင့် ပြည်မီသည့် ကျောင်းသား/သူများအား ၂၀၂၃ ခုနှစ် မေလ ၅ ရက်‌နေ့မှ ၁၈ ရက်နေ့အထိ ကျောင်းအပ်လက်ခံပြီး ဇွန် ၁  ရက်မှ စတင် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်‌ ကြောင်း သိရသည်။

ဖြူစင်