ပူတာအို မေ ၅
ကချင်ပြည်နယ် ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့်နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်သည် ပူတာအိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပူတာအိုနှင့် မချမ်းဘောမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့နယ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန တာဝန်ယူဆောင်ရွက်လျက်ရှိသော ပူတာအို-လယ်မယ်ဝါချီ-နမ်ရှယ်ကော့-မန်စေ-မန်စေခွန်လမ်း (လွင်ပြင်ပတ်လမ်း)ပေါ်ရှိ နမ့်ပလပ်ချောင်းကူး ကွန်ကရစ်တံတားစီမံကိန်းသို့ သွားရောက်ပြီး တံတားစီမံကိန်းရှင်းလင်းဆောင်၌ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းသန့်အောင်က တံတားဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ယင်းနောက် အဆိုပါ နမ်ပလပ်ချောင်းကူးအရှည် ၂၄၀ ပေရှိ သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် ပူတာအိုလွင်ပြင်ပတ်လမ်းတစ်လျှောက် (၂၅)မိုင်အတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆောင်ရွက်ရန်ကျန်ရှိသည့် လမ်းပိုင်းအခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး ဘဏ္ဍာနှစ်အလိုက် ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပူတာအိုလွင်ပြင်ပတ်လမ်းပေါ်ရှိ နမ့်ပလပ်ချောင်းကူး သံကူကွန်ကရစ်တံတား အရှည်ပေ(၂၄၀)ကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ကျပ်သန်း(၁၀၈၀.၀၀)သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ပြီး ၎င်းလမ်းနှင့် တံတားများ ဆောင်ရွက်ပြီးစီးပါက ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာ(၂၈)ရွာ၊ အိမ်ခြေ(၂၀၅၆)၊ လူဦးရေ (၁၀၉၄၀)ဦးတို့အတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးအတွက် များစွာ အထောက်အကူ ပြုလာမည့်အပြင် ပူတာအိုလွင်ပြင် ပတ်လမ်းဖြစ်ခြင်းကြောင့် ပူတာအိုဒေသ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း များစွာ အထောက်အကူပြုလာမည်ဖြစ်သည်။
အလားတူ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်ဉပဒေချုပ် ဒေါ်နန်းလှလှအေးနှင့် တာဝန်ရှိသူများသည် မေလ(၄)ရက် မွန်းလွဲပိုင်းကလည်း ပူတာအို-မချမ်းဘော-နောင်မွန်းသွားကား လမ်းမပေါ်ရှိ View Pointအား ၂၀၂၂-၂၀၂၃-ခု ဘဏ္ဍာရေးနှစ်(တတိယအကြိမ်) ပြည်နယ်အစိုးရအဖွဲ့၏ အထွေထွေပိုလျှံငွေကျပ်သန်း(၇၅.၉၀) သန်းဖြင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထို့အပြင် မချမ်းဘောမြို့နယ် နမ်ခမ်ကျေးရွာနေ ပိုင်ရှင်ဦးအဂျွန်ဖုန်ဗေး၏ခြံ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ကျပ်သုံးသိန်းဖြင့် ဒေသကြက်ကောင်ရေ (၇၀)နှင့် ဒေသဝက်နှစ်ကောင် မွေးမြူထားရှိမှု အခြေအနေများ၊ ပိုင်ရှင် ဦးဖုန်ယားဖုန်ရမ်၏ ငါးမွေးမြူရေးကန်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တီလားဗီယားကောင်ရေ(၂၀၀၀) မွေးမြူထား ရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အဆိုပါ ကျေးရွာအတွင်း ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသည့် တောင်သူများအား ရွှေဝါငါးကြင်းငါးမျိုးများ ထောက်ပံ့ပေးကာ ပိုင်ရှင် ဦးဖုန်ယားဖုန်ရမ်၏ ငါးမွေးမြူရေးကန်သို့ ရွှေဝါငါးကြင်း ငါးမျိုးများ ထပ်မံ စိုက်ထည့်ပေးခြင်းနှင့် မျိုးစပ်ငါးခူ နည်းစနစ်ကျမွေးမြူနည်းများကို မွေးမြူရေးတောင်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရေး မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ပူတာအို)