ဆွမ်ပရာဘွမ်မြို့တွင် တစ်နှစ်အောက်ကလေးငယ်များအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းဆောင်ရွက်

ဆွမ်ပရာဘွမ် မေ ၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် တစ်နှစ်အောက်ကလေးငယ်များအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါဆေးထိုးနှံခြင်းလုပ်ငန်းတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ကျန်းမာရေးမှူးအဆင့်(၁)ဒေါ်လုဂျာက ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများ ရှင်းလင်းပြောကြားပြီး တစ်နှစ်အောက် ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ဆေးမှတ်တမ်းများရေးသွင်းခြင်းဖြင့် ကျန်းမာရေးစစ်ဆေးကာ ဘီစီဂျီ၊ အသည်းရောင် အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဂျီ)၊ ပြင်းထန်ဝမ်းလျှောဝမ်းပျက်(ရိုတာ)၊ ဆုံဆို့ - ကြက်ညာ- မေးခိုင်-ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦး နှောက်ရောင်စသည့် ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးကာ မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ အသက်မွေးကင်းစမှ တစ်နှစ်အောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို အသက်အရွယ်အလိုက် လစဉ်နံနက် ၁၀ နာရီအချိန်တွင်  ကျန်းမာ​ရေးဌာန၌ ပုံမှန်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)