ပူတာအို မေ ၆
ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မြို့ရေပေးဝေလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပူတာအိုနှင့် မချမ်းဘောမြို့နယ်များမှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများက မြို့နယ်များအလိုက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းစီမံကိန်းများအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးအောင်ဆောင်ရွက်ရေး၊ အထူးသဖြင့် ပူတာအိုခရိုင်အတွင်း ခရီးသွားလုပ်ငန်းဖြင့် ဖွံ့ဖြိုးတိုးတက်လာနိုင်သည့် မြို့များဖြစ်သည့်အတွက် အစဉ်တစိုက်သန့်ရှင်းသာယာလှပလာစေရေးအတွက် စီမံချက်ရေးဆွဲဆောင်ရွက်ထားရှိရေးနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်တို့နှင့်အတူ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေကျပ်သန်း (၄၁.၁၉၀)သန်းဖြင့် ပူတာအိုလေဆိပ်သွားလမ်း အရှည်(၁၆၀)ပေ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်အတွင်းရှိ မြို့နယ်သစ်တောဦးစီးဌာန၏ ပျိုးဥယျာဉ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် မိုးအကြိုနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အတွက် လူထုဖြန့်ဝေနိုင်ရေးအတွက် ပျိုးပင်ပေါင်း (၅၀၀၀၀) ပျိုးထောင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အရှည်ပေ (၁၆၀၀) ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းသွားလမ်းအား ကွန်ကရစ်လမ်းခင်းနိုင်ရေးအတွက် ကြည့်ရှု စစ်ဆေးပြီး အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှ ပူတာအိုနှင့် မချမ်းဘောမြို့နယ်များအတွက် ရေအားလျှပ်စစ်ဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ရေသိုလှောင်ကန်တွင် နွေရာသီရေဝင်ရောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပူတာအိုမြို့နေပြည်သူများ သောက်သုံးရေလိုအပ်ချက် ပြည့်မီစွာရရှိရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ အထွေ ထွေပိုလျှံရန်ပုံငွေမှ ကျပ်သန်း (၁၇၃.၄၀၀)သန်းဖြင့် မဂွေဝမ်ချောင်းဖျားမှ လေယာဉ်ကွင်းရပ်ကွက်သို့ ရေပေးရေးလုပ်ငန်း(၄)ရပ်ဖြစ်သည့် ရေတားတမံ၊ရေစစ်ကန်၊ ရေဝေကန်နှင့် ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် သွယ်တန်းထားသည့် ပိုက်လိုင်းမှတစ်ဆင့် အဆိုပါ ရပ်ကွက်အတွင်း ရေရောက်ရှိအသုံးပြုနိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက်)