တနိုင်းမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် နယ်မြေခံတပ်မတော်သားများ ပူးပေါင်း၍ လူထုအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

တနိုင်း မေ ၇

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင်  မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် နယ်မြေခံတပ်မတော်သားများ ပူးပေါင်း၍ စုပေါင်း သန့်ရှင်းရေးကို ယမန်နေ့နံနက် (၇) နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင် မေလ ၅ ရက် ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦများပျက်စီးခြင်း၊လျှပ်စစ်မီးတိုင်များ ပြိုလဲခြင်း၊ သစ်ပင်များပြိုကျပျက်စီးခြင်း၊ ဌာနဆိုင်ရာ အဆောက်အဦများ ပျက်စီးခြင်းများကြောင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ၀န်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မတော်သားများပူးပေါင်း၍ တနိုင်မြို့ ပုန်ခုန်းရပ်ကွက်ရှိ၊ ဟူးကောင်ခန်းမနှင့် အ.ထ.က-၁ ကျောင်းရှေ့ လီဒိုလမ်းမကြီးပေါ်  ပြိုလဲနေသော သစ်ပင်များရှင်းလင်းပြီး သစ်ပင်၊ သစ်ကိုင်း၊ အမှိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ တနိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်‌‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုး၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲတို့က ကြီးကြပ်‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပိုင်ထွန်း(တနိုင်း)