မိုးညှင်း မေ ၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် နန့်လှိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ (ဆီထွက်သီးနှံ)စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် (ဆီထွက်သီးနှံ) နေကြာရိတ်သိမ်းနေမှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့် တာဝန်ရှိသူများက ကျေးရွာမြစိမ်းရောင် လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ နန့်လှိုင်ကျေးရွာ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများဖြင့် (ဆီထွက်သီးနှံ) နေကြာရိတ်သိမ်းနေမှုများကို ကြည့်ရှုစစ်ဆေးကြပြီးနောက် လအလိုက်ဖြည့်သွင်း ထားသည့် ငွေစာရင်းပုံစံများပြည့်စုံမှုရှိ/မရှိကို စစ်ဆေးခဲ့ကြသည်။
ထို့နောက် မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက ကျေးရွာတာဝန်ရှိသူများ၊ အသင်းဝင်များ၊ မြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး အတိုးအရင်းငွေများကို သတ်မှတ်ရက်များအလိုက် အချိန်မီပေးသွင်းနိုင်ရေးကို အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။
နန့်လှိုင်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ မြစိမ်းရောင်ကျေးရွာ (ဆီထွက်သီးနှံ) စီမံကိန်းအားစတင်ခဲ့ရာ ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးထားသည့် တောင်သူ ၅၀ ဦးမှ ထုတ်ချေးထားကြပြီး စိုက်ဧက ၁၉၀ တွင် နေကြာများစိုက်ပျိုးထားရှိကာ ယခုအခါရိတ်သိမ်းလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးဦးမြသိန်းဝင်းထံမှ သိရသည်။
ရွှေမိုးညှင်း