ပူတာအို မေ ၇
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပူတာအိုခရိုင်အတွင်း ဒေသဝမ်းစာဖူလုံရေးနှင့်စိုက်ပျိုးရေး ထုတ်ကုန်သီးနှံများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် လုပ်ငန်းစီမံချက်များရေးဆွဲပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲက ပူတာအိုမြို့ မြို့မရပ်ကွက် စိုက်ပျိုးရေး သိုလှောင်ရုံဝင်း၌ ဒေသခံတောင်သူများအား အထူးအထွက်တိုးဆင်း ဧကရီ-၃ မျိုးစပါးများ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ပူတာအိုခရိုင် ဝမ်းစာဖူလုံရေးသည် စာရင်းဇယားများအရ (၄၅)ရာခိုင်နှုန်းသာရှိနေ ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် (၃)နှစ်အတွင်း ဒေသဝမ်းစာဖူလုံရေးအတွက် စီမံချက်များရေးဆွဲဆောင်ရွက်လျက်ရှိသည့်အပြင် စိုက်ပျိုးရေးသွင်းအားစုများ၊ မျိုးကောင်းမျိုးသန့် နှင့်နည်းပညာလိုအပ်ချက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ တက်ရောက်လာ ကြသည့် တောင်သူများအနေဖြင့် မိမိတို့ဒေသဝမ်းစာဖူလုံရေးအပြင် မိသားစုဝင်ငွေတိုးပွားစေရေး ဆန်စပါး၊ ဆီထွက်သီးနှံများအပါအဝင် စိုက်ပျိုးရေးထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်း ပူးပေါင်းကြိုးစားဆောင်ရွက်သွားကြရေး တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမြင့်ထွေးက ပူတာအိုခရိုင်အတွက် ဆင်းဧကရီ-၃ အထူးအထွက်တိုးမျိုးစပါးအပါအဝင် ပန်းအာလူးမျိုး၊ ဝဥမျိုးများ စုဆောင်းသိုလှောင် ထားရှိမှု၊ ခရိုင်အတွင်း မိုးစပါးအပါအဝင် သီးထပ်သီးနှံများစိုက်ပျိုးမှု၊ ဟင်းသီးဟင်းရွက်သီးနှံစိုက်ပျိုး ထုတ်လုပ်နိုင်မှုအခြေအနေများနှင့် တောင်သူအသိပညာပေးစည်းရုံးဆောင်ရွက်နိုင်မှုအခြေအနေများ ကိုရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော်သူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးဦးတိန့်ဆောင်နှင့် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးတို့က ခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံတောင်သူများအတွက် မျိုးပြောင်းလဲစိုက်ပျိုးနိုင်ရေး အထူးအထွက်တိုးဆင်းဧကရီ - ၃မျိုးစပါး တင်း ၅၀၀၀၀၊ ငွေကျပ် (၁၀၅)သိန်း တန်ဖိုးရှိ ပန်းအာလူးမျိုးစေ့များနှင့် ဝဥမျိုးစေ့များကို အသီးသီး ထောက်ပံ့ပေးအပ်ကြရာ တောင်သူများက လက်ခံရယူခဲ့ကြသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော်သူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးသိုလှောင်ရုံ၌ ပူတာအိုဒေသဝမ်းစာဖူလုံရေးအတွက် တောင်သူ များထံဖြန့်ဝေ၍ မျိုးပြောင်းလဲစိုက်ပျိုးသွားမည့် အထူးအထွက်တိုး ဆင်းဧကရီ-၃မျိုးစပါး အိတ်များ၊ ပန်းအာလူးမျိုးစေ့နှင့် ဝဥမျိုးစေ့များကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကိုပေးအပ်ခဲ့သည်။
ထိုမှတဆင့် ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိ သူများသည် ပူတာအိုခရိုင်ပြည်သူ့အားကစားကွင်းတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေကျပ်သန်းပေါင်း (၈၇၇.၃၀၀)သန်းဖြင့် မီတာ(၄၀၀)ပြေးလမ်းဆောင်ရွက်ပြီးစီးမှုအခြေအနေ ကိုလည်းကောင်း၊ ခရိုင်ပြည်သူ့ဆေးရုံတွင် ပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေဖြင့် ဝယ်ယူထားသော အောက်ဆီဂျင်စက်နှင့် အောက်ဆီဂျင်စက်ရုံလည်ပတ်ထုတ်လုပ်နိုင်မှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းရောဂါပိုး ပြန်လည်ပြန့်နှံ့လာသည့်အတွက် အောက်ဆီဂျင်လိုအပ် ချက်ပြည့်မီစွာ ထုတ်လုပ်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နေ ပိုင်ရှင်ဦးအားဖူဆီးမွန်၏ ခြံဝင်းအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မျိုးစပ်ငါးခူကောင်ရေ(၂၀၀၀)ကျော်၊ ကြက်ဆင်၊ ဒေသကြက်နှင့် ဝက်များမွေးမြူထားရှိမှု၊ လေယာဉ်ကွင်းရပ်ကွက်နေ ပိုင်ရှင် ဦးချန်းဂျောင်ဆားရ်၏ခြံဝင်းအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မျိုးစပ်ငါးခူကောင်ရေ (၆၀၀၀)မွေးမြူထားရှိမှုနှင့် ဖြစ်ထွန်းအောင်မြင်နေသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မွေးမြူရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်ချက်များအပေါ် ခြံပိုင်ရှင်များ၏ တင်ပြချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)