ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား      မေ    ၇

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတောင်သူများထံ ရင်းနှီးမတည်ငွေများ ထုတ်ချေးဆောင်ရွက် လျက်ရှိသည့်အပြင် ဒေသတွင်းဝမ်းစာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့မွန်းလွဲ နာရီက မြစ်ကြီးနားမြို့နယ်အတွင်း မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းအေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြစ်ကြီးနားမြို့ ရွှေပြည်သာ ရပ်ကွက်အတွင်းရှိ တောင်သူဦးအောင်သူလင်း၏ ဝက်မွေးမြူရေးခြံ၌ DY အမျိုးအစားနှင့် ဒေသဝက် သားပေါက်ကောင်ရေ ၁၂၀ ကျော် မွေးမြူထားရှိမှုနှင့် ဘိုးဝါးဆိတ်များ မွေးမြူထားရှိမှု၊ ဖြစ်ထွန်း အောင်မြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နည်းစနစ်ကျ မွေးမြူနိုင်သည့်အတွက် ဈေးကွက်ရရှိရေးနှင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများ ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်သိန်း ၅၀၀ ဖြင့် ကောင်းဇွဲမာန် နွားမွေးမြူရေးလုပ်ငန်းတွင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၏ အကြံပေးကူညီမှုဖြင့် နွားကောင်ရေ (၁၀၀)ကျော်အား ခြံစနစ်ဖြင့် နည်းစနစ်တကျ မွေးမြူနိုင်ရေးနွားခြံတည်ဆောက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးအပြင် နွားစာစိုက်ပျိုးနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လိုအပ်သည့် နည်းပညာပံ့ပိုးကူညီမှု များပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသတွင်းစားရေရိက္ခာဖူလုံစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် တောင်သူများထံ ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးလျက်ရှိရာ ပြည်နယ်အတွင်း မွေးမြူရေးလုပ်ငန်းဆောင်ရွက်သည့် ကျေးရွာပေါင်း (၂၅) ရွာတွင် စီမံကိန်းလုပ်ငန်း (၂၅)ခုအတွက် ကျပ်သန်းပေါင်း (၁၁၃၄ ဒဿမ )သန်းကို ထုတ်ချေးပေးထားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)