မိုးညှင်း မေ ၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် အခြေခံပညာအထက်တန်းကျောင်းနှင့် တွဲဖက်၍ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းသားမိဘများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉)နာရီခွဲက အ.ထ.က (၂)ကျောင်း မြတ်သရဖူခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်က အဖွင့်အမှာစကား ပြောကြား ပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဆွေက အခြေခံပညာအထက်တန်းကျောင်းနှင့် တွဲဖက်၍ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များနှင့် ပတ်သက်ပြီး မိတ်ဆက်ရှင်းလင်း ပြောကြားကာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမူက ကျောင်းသား မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဝင်ခွင့်လျှောက်လွှာများ ရယူလျှောက်ထားနိုင် ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စက်မှုပညာရပ်များနှင့် ပတ်သက်၍ အစိုးရစက်လက်မှုသိပ္ပံ(မိုးညှင်း)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာ ကျော်ကျော်မြင့်ကလည်းကောင်း၊ စိုက်ပျိုးရေးပညာရပ်များနှင့် ပတ်သက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မိုးထွန်းကလည်းကောင်း၊ မွေးမြူရေး ပညာများနှင့်ပတ်သက်၍ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ ကျော်စွာထွန်းကလည်းကောင်း၊ ကျောင်းဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုကလည်းကောင်း အသီးသီးမိတ်ဆက်ရှင်းလင်းပြောကြားသည်။
ထို့နောက် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းတွင် သင်ကြားသွားမည့် ဘာသာရပ်များနှင့် အခွင့်အလမ်းများ အကြောင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်မျိုးကိုက ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ကျောင်းသားမိဘများနှင့် ဆရာဆရာမများက သိရှိလိုသည်များကို အသီးသီးဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာတာဝန်ရှိများက ပြန်လည် ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း