ဆီဆိုင် ဇန်နဝါရီ ၂
မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း (၆)ခုအား တင်ဒါစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
ဆီဆိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလအထိ ၁၂ လ ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် အုန်းပန်းလမ်း အပိုင်း(၂) အရှည် ၉၂၀ ပေ၊ အကျယ် ၁၂ပေ ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ယုဇနလမ်းသွယ်(၃) အရှည် ၉၀၀ ပေ အကျယ် ၁၂ ပေ ကတ္တရာ ခင်းခြင်းလုပ်ငန်းတို့ကို တင်ဒါ အောင်မြင်သော လင်းဖြူအောင်ကုမ္ပဏီမှလည်းကောင်း၊ နောင်မွန်မြို့ဟောင်းလမ်း အရှည် ၉၁၀ ပေ၊ အကျယ် ၁၂ ပေ ကတ္တရာခင်းခြင်းလုပ်ငန်း၊ ဆိုက်ခေါင်ဇေတဝန်ကျောင်းလမ်း အရှည် ၁၃၂၀ ပေ၊ အကျယ် ၁၂ ပေ ကတ္တရာခင်းခြင်းလုပ်ငန်း၊ မြို့မဈေးတောင်ဘက်လမ်း (၂၉၀'×၁၈'×၆') ကွန်ကရစ်ခင်းခြင်း လုပ်ငန်းနှင့် (၅၀၀'×၃'×၃')သရဖီလမ်းဘေး အုတ်ရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းများကို ရွှေမိုးထက်ယံ ကုမ္ပဏီမှလည်းကောင်း အကောင် အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်ထံမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)