ပူတာအို မေ ၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်း ကျောင်း (ပူတာအိုမြို့)၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၅)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉) နာရီက အဆိုပါအိမ်တွင်းမှုသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးက နယ်စပ်ဒေသတိုင်းရင်းသူလေးများအတွက် အိမ်တွင်း အသက်မွေးမှုအတတ်ပညာများ တိုးပွားစေရုံသာမက လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ် ကြောင်း၊ နယ်စပ်ဒေသများတွင် မှီတင်းနေထိုင်ကြသည့် အမျိုးသမီးလေးများအနေဖြင့် အခြားနိုင်ငံ များသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်အစား မိမိတို့တတ်မြောက်ထားသည့် အိမ်တွင်းမှုပညာရပ်များဖြင့် ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသအတွင်းတွင် သက်မွေးဝမ်းကျောင်းပညာရပ်များ လုပ်ကိုင်ဆောင်ရွက် နိုင်စေရန် အဓိကရည်ရွယ်ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ အဆိုပါ သင်တန်းကို မွန်မြတ်သည့် ရည်ရွယ်ချက်(၅)ရပ်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး သင်တန်းသူများအနေဖြင့် သင်တန်းက ပို့ချပေးသည့် ဘာသာရပ်များကို အထူးကြိုးစားလေ့လာသင်ယူသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း အမှာ စကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် သင်တန်းသူများအား ထောက်ပံ့မည့် သင်ထောက် ကူပစ္စည်းများ ခင်းကျင်းပြထားရှိမှုများကို ကြည့်ရှုအားပေးကြရာ သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးရီက လိုက်လံရှင်းလင်းပြသသည်။
သင်တန်းတွင် စက်ချုပ်ဘာသာရပ်၊ လက်မှုဘာသာရပ်၊ အချက်အပြုတ်ဘာသာရပ်များသာမက တိုင်းချစ်ပြည်ချစ် မျိုးချစ် စိတ်ဓာတ်များ ထက်သန်လာစေရန် ပြည်ထောင်စုစိတ်ဓာတ်သင်ခန်းစာများကိုလည်း ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းပို့ချ ပေးလျက်ရှိသည့်အပြင် လူကုန်ကူးမှုမခံရစေရေး အသိပညာပေး ဆွေးနွေးခြင်း၊ ကျန်းမာရေးအသိပညာပေး ဆွေးနွေးခြင်းများကို လည်း ထည့်သွင်းဆွေးနွေး ပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသူ စုစုပေါင်း(၃၅)ဦးတို့အား သင်တန်းကာလ ငါးလကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး ပူတာအိုမြို့ အိမ်တွင်းမှု သင်တန်းကျောင်းအနေဖြင့် သင်တန်းအမှတ်စဉ်(၁)မှ (၄၂)နှင့်အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်(၄) အထိ သင်တန်းဆင်းအောင်မြင်သူပေါင်း (၂၀၃၂)ဦးအထိ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းမှ သိရသည်။
ဖုန်ကန်(ပူတာအို)