နမ့်စန်(တ) ဇန်နဝါရီ ၂
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နေ ဒေသခံတိုင်းရင်းသားပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိနိုင်ရန် ဟိုတန့်ရေထွက်မှ နမ့်စန်မြို့သို့ သောက်သုံးရေ သွယ်တန်းယူနိုင်ရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်တာဝန်ပေးချက်အရ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း ဦးဆောင်သည့် ကွင်းဆင်းစိစစ်ရေးအဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်း က နမ့်စန်မြို့နယ် စည်ပင်သာယာရေးဌာနတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးခဲ့ပြီး ရေထွက်နှင့် ရေသွယ်တန်းယူမည့် လုပ်ငန်းနေရာများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
နံနက် ၁၁ နာရီတွင် ရှမ်းပြည်နယ် စည်ပင်သာယာရေး ဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းနှင့် ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းတို့ ဦးဆောင်သည့် ကွင်းဆင်းစိစစ်ရေးအဖွဲ့သည် နမ့်စန်မြို့နယ် စည်ပင်သာယာ ရေးဌာန အစည်းအဝေးခန်းမတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေနှင့် ဦးစိုင်းလုံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးလှထွေးနှင့် မြို့နယ်စည်ပင်သာယာရေးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ ဌာနအကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခဲ့ ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက နမ့်စန်မြို့၏ ရေပေးဝေရေးဆိုင်ရာအချက်အလက်များ၊ လက်ရှိ မြို့ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လွိုင်တန့်(ဟိုတန့်) ရေထွက်ဆိုင်ရာ အချက်အလက်များကို အသေး စိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း ဦးဆောင်သော အဖွဲ့သည် မွန်းလွဲ ၁ နာရီတွင် အမှတ်(၅)ရပ်ကွက်ရှိ မြို့ရေပေးဝေရေး တောင်ပေါ်ရေကန်၊ အမှတ်(၄)ရပ်ကွက်ရှိ ရေစုကန် လျာထားသည့် မြေနေရာ၊ မြို့ဦးရေကန်နှင့် နမ့်စန်မြို့မှ ၁၀ မိုင် ကျော် ကွာဝေးသည့် လွိုင်တန့်(ဟိုတန့်)ရေထွက် နေရာတို့အား သွားရောက်ကွင်းဆင်း၍ ရေသွယ် ယူနိုင်မည့် လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)