ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြှုပ်နှံခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား မေ ၉

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း မိုးစပါးအပါအဝင် တစ်နှစ်သုံးသီးဖြင့် သီးထပ်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် လယ်မြေ များအတွင်း မြေသြဇာမြေဆီမြေနှစ်များ ပြည့်ဝနေစေရေး စိုက်ပျိုးထားခဲ့သည့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျော်ပင်)များအား ယမန်နေ့နံနက် ၈ နာရီခွဲက ထယ်ထိုးမြှုပ်နှံခြင်း ကွင်းသရုပ်ပြပွဲကို ကျင်းပပြုလုပ်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်၏ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်များ) စိုက်ပျိုးအသိပညာပေးမှု အခြေအနေများ၊ တစ်ဧကလျှင် ရရှိနိုင်သည့် အပင်အာဟာရဓာတ်နှင့် အော်ဂဲလ်နစ်မက်တာ ရရှိနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြကာ လယ်မြေ ၁၅ ဧကပေါ်ရှိ စိုက်ပျိုးထားသည့် သစ်စိမ်းမြေသြဇာ( ပိုက်ဆံလျှော်)ပင်များကို ထွန်စက်များဖြင့် ထယ်ထိုး မြှုပ်နှံမှုကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြ သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အနေဖြင့် ကုန်းတွင်းဒေသဖြစ်သော်လည်း လေတိုက်ခြင်း၊ မိုးသည်းထန်စွာရွာခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးများကို ရင်ဆိုင်ကြုံတွေ့လာ နိုင်ပါကြောင်း၊ မိမိတို့အနေဖြင့် အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်သွားမည့် အစီအမံများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို အစုအဖွဲ့များဖြင့် စနစ်တကျ အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရေး အသေးစိတ် အစီအမံများဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဘသာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ပြည်နယ်ဦးစီးမှူးကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူးက ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဖြစ်ပွားနိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ဌာနမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် ညွှန်ကြားထားရှိမှုများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးများက ဘဘာဝဘေးဖြစ်ပေါ်လေ့ရှိသည့် ဖြစ်ရပ်ဖြစ်စဉ်များ၊ အရေးပေါ် အခြေအနေဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကာ ပြည်နယ်စီမံခန့်ခွဲမှုအဖွဲ့ဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ဌာနအလိုက် သဘာဝဘေး ဖြစ်ပွားနိုင်ခြေများနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ဖြစ်နိုင်ခြေများသည့် သဘာဝဘေး ဖြစ်ရပ်ဖြစ်စဉ်များအပြင် မိမိတို့နိုင်ငံတွင် ကျရောက်လာနိုင်သည့် သဘာဝဘေး အန္တရာယ်များကိုလည်း တိုင်းဒေသကြီး/ပြည်နယ်အသီးသီးနှင့် ချိတ်ဆက်ကူညီပံ့ပိုးပေးနိုင်ရေး၊ မိုးတွင်းကာလတွင် အဖြစ်များသည့် မြေပြိုမှုဘေးများကို ကြိုတင်ကာကွယ်နိုင်ရေး၊ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်ရေးနှင့် ဖြစ်ပွားလာပါက တပ်မတော်၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် လျင်မြန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)