ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွပ်/ကျေးရွာအုပ်စုစာရေးများအတွက် ဒုတိယအကြိမ် ငွေကျပ်(၃၈)သိန်း ထောက်ပံ့

ဟားခါး     အောက်တိုဘာ       ၅

ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်၊ ကျေးရွာအုပ်စုစာရေးဝန်ထမ်းများ အနေဖြင့် မူလလုပ်ငန်းတာဝန်အပြင် COVID-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ အသိပေးကြေညာချက်များအား ရပ်ကွက်၊ ကျေးရွာများ အတွင်း နေ့စဉ်လှည့်လည်ကြေညာခြင်း၊ ခြေခံလူတန်းစားများအား ထောက်ပံ့ပေးအပ်ရန် အတွက် စာရင်းဇယား ပြုစု၊ ထောက်ပံ့ခြင်းနှင့် ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ခံခြင်း၊ မဲစာရင်းများပြုစုခြင်း၊ ပြင်ဆင်၊ ဖြည့်စွက်ခြင်းလုပ်ငန်း တာဝန်များကို ထမ်းဆောင်ပေးလျက်ရှိသဖြင့်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့သည့် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန (ရုံးချုပ်)မှ ထောက်ပံ့ငွေများ ထောက်ပံ့ရခြင်းများကိုလည်းကောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေး ဝန်ထမ်းများ အနေဖြင့် မိမိတာဝန်ကျရာ လုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ပေးကြရန်နှင့် မိမိ၏ မူလလုပ်ငန်း တာဝန်များကိုလည်း ဆက်လက်၍ ကြိုးစားဆောင်ရွက်ပေးကြရန်များ ရှင်းလင်း ပြောကြားပြီးနောက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဆက်လက်ကျင်းပခဲ့ရာ ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ထောက်ပံ့ငွေများပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ စာရေးဝန်ထမ်းများက လက်ခံခဲ့ကြကြောင်းသိရှိရသည်။

အဆိုပါထောက်ပံ့ပေးအပ်ရာတွင် ဟားခါးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်စု(၃၈)အုပ်စု ၏ စာရေး ဝန်ထမ်း(၃၈)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၁)သိန်းနှုန်းဖြင့် ထောက်ပံ့ငွေစုစုပေါင်း (၃၈)သိန်းကို ဒုတိယအကြိမ်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် ပထမအကြိမ်အဖြစ် ၂၀၂၀ပြည့်နှစ် စက်တင်ဘာလတွင် ရပ်ကွက်၊ကျေးရွာအုပ်စု စာရေးတစ်ဦးလျှင် ငွေကျပ် (၉၁၂၀၀)နှုန်းဖြင့် ထောက်ပံ့ ပေးခဲ့ကြောင်း ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)