မချမ်းဘော မေ ၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကျေးလက်ဒေသရှိလူငယ်လူရွယ်များအား အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများ လုပ်ကိုင်လာနိုင်စေရန်ရည်ရွယ်၍ ပူတာအိုခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ထရန်ဒမ်းကျေးရွာအုပ်စု ဆင်လွမ်ဒမ်း -၂ ခန်းမဆောင်၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဖြိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သော ကျေးလက်နှင့်မြို့ပြနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီးမိသားစု တစ်နိုင်တစ်ပိုင်လုပ်ငန်းများ လုပ်ကိုင်လာစေရန်၊ ပြည်ပသွင်းကုန်များအစား ပြည်တွင်းထုတ်ကုန်များထုတ်လုပ်လာနိုင်ခြင်းဖြင့် လူသုံးကုန်ပစ္စည်းများ စျေးနှုန်းကျဆင်းလာစေရန်၊ ထုတ်ကုန်ပစ္စည်းများအား နိုင်ငံတကာစံချိန်စံညွှန်းမီ ထုတ်လုပ်လာနိုင်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာခြင်းကြောင့် မိသားစုဝင်ငွေတိုးပွားလာစေရန် စသည့်အချက်များနှင့် သင်တန်းတွင်ပို့ချမည့် နည်းပညာဘာသာရပ်များ အကြောင်းကိုရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ဘက်စုံသုံးဆပ်ပြာရည်၊ အဝတ်လျော်ဆပ်ပြာ၊ လက်ဆေးဆပ်ပြာ၊ပန်းကန်ဆေး ဆပ်ပြာ၊ခေါင်းလျှော်ရည်၊ Hand Gel ၊ Hand Spray ၊ ကိုယ်တိုက်ဆပ်ပြာအခဲပြုလုပ်နည်းများကို သင်ကြားပို့ချသွားမည်ဖြစ်ကာ သင်တန်းနည်းပြများအဖြစ် ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်ကျော်တို့က စာတွေ့လက်တွေ့စနစ်တကျ သင်ကြားပို့ချသွားမည်ဖြစ်ကာ အဆိုပါသင်တန်းကို မေလ ၈ ရက်နေ့မှ မေလ ၁၂ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ဒေသခံ သင်တန်းသူ ၂၀ဦးတို့တက်ရောက်ခဲ့ကြောင်းသိရသည်။
ယောရွှေနီ (မချမ်းဘော)