မြစ်ကြီးနား မေ ၈
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများမှ နေရပ်စွန့်ခွာ ပြည်သူများအား ၎င်းတို့၏ မူလနေရပ်ကျေးရွာသို့ ရွှေ့ပြောင်းနေထိုင်နိုင်ရေး တရုတ်နိုင်ငံမှ ထောက်ပံ့ငွေ ယွမ်(၄)သန်းဖြင့် အိမ်ထောင်စုများ၏ နေအိမ်များ ပြုပြင်ဆောက်လုပ်ခြင်း၊ အသစ်တည်ဆောက်ပေးခဲ့ခြင်းများ စီမံဆောင်ရွက်ပေးခဲ့ရာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့်ကုန်သွယ်ရေးသံမှူး Mr.Tan Shufu (မစ္စတာတန်ရှူဖူ)၊ အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက် ၈ နာရီက အဆိုပါ အိမ်ထောင်စုများ၏ နေထိုင်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးသံမှူးတို့က မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ ယာယီခိုလှုံရာစခန်းများမှ ၎င်းတို့၏ နေရပ်ကျေးရွာများဖြစ်သည့် ဂါးရာယန်၊ ကဇူးနှင့် ဒဘတ်ယန်ကျေးရွာများတွင် ရွေ့ပြောင်း နေထိုင်ကြရာ တရုတ်နိုင်ငံမှ လွှဲပြောင်းထောက်ပံ့ငွေများအား ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဒဘတ်ကျေးရွာအတွင်း အိမ်ထောင်စုများ ၃၀ အတွက် နေအိမ်တစ်လုံးလျှင် ကုန်ကျငွေကျပ် ၇.၄၅ သန်းတန်ဖိုးရှိ စတီးနှင့်အုပ်ညှပ် အမျိုးအစားနေအိမ်အသစ် (၃၀)လုံး တည်ဆောက်ပေးထားမှုနှင့် နေအိမ်ဝင်းအတွင်း ရေဘုံဘိုင်တူးဖော်ပေးထားမှု၊ နေအိမ် (၅)လုံးပြင်ဆင်ခြင်းအတွက် တစ်အိမ်လျှင် ငွေကျပ် ၂ သန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၀ သန်းဖြင့် ပြုပြင်ပေးထားမှုများကို ကျေးရွာအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း ခန်းမဆောင်၌ နေရပ်ပြန် အိမ်ထောင်စုများနှင့် တွေ့ဆုံပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများက ကျေးရွာများအတွင်း လိုအပ်ချက်ရှိသည့် မီးလင်းရေး၊ စိုက်ပျိုးရေးနည်းပညာနှင့် စိုက်ပျိုးရေရရှိရေး၊ ဈေးကွက်ဖော်ဆောင်ပေးနိုင်ရေး၊ ပညာရေးအတွက် ကျောင်းဆောင်များ ပြုပြင်ဆောက်လုပ်ပေးနိုင်ရေး တင်ပြကြရာသံမှူးက အိမ်ထောင်စုများ၏ လိုအပ်ချက်များ ထပ်မံကူညီပံ့ပိုးပေးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်သွားမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးက အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ ကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး၊ သံမှူးနှင့်အဖွဲ့ဝင်များသည် ဒဘတ်ယန်ကျေးရွာအတွင်းရှိ အခြေခံပညာ မူလတန်းကျောင်း ကျောင်းဆောင်ပျက်စီးယိုယွင်းနေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နေရပ်စွန့်ခွာပြည်သူများအား ၎င်းတို့၏ နေရပ်ပြန်လည် နေထိုင်နိုင်ရေး၊ ပြန်လည်ထူထောင်ရေးအတွက် တရုတ်နိုင်ငံမှ ထောက်ပံ့ငွေယွမ် (၄)သန်းဖြင့် အဆိုပါ ဒဘတ်ယန်ကျေးရွာအပါအဝင် နန်ဆန်ယန်ကျေးရွာတွင် နေအိမ်အသစ် ၃၉ လုံး၊ ပြင်ဆင် ပေးသည့် နေအိမ် ၁၂ လုံးနှင့် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာတွင် အလားတူ နေအိမ် အသစ် ၁၉ လုံး၊ ပြင်ဆင်စရိတ်ဖြင့် နေအိမ် ၈ လုံးတို့ကို ထောက်ပံ့ပေးထားကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)