သာစည်မြို့နယ် ကုတင် ၅၀ ပြည်သူ့ဆေးရုံ၌ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုရမည့်လူနာ တွေ့ရှိလာပါက သီးခြားထားရှိကုသနိုင်ရန် ကြိုတင်ပြင်ဆင်

သာစည် မတ် ၁၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ စောင့်ကြပ်ကြည့်ရှုရမည့် လူနာတွေ့ရှိလာပါက သီးခြားထားရှိကုသနိုင်ရန်  ပြည်သူ့ဆေးရုံ၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့ မွန်းတည့်ချိန်က  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်သိန်း၊   မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်နှင့် ကော်မတီဝင်များ၊   သာစည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးသော်ကြီးတို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင်  စောင့်ကြပ်ကြည့်ရှုရမည့် လူနာတွေ့ရှိလာပါက ထားရှိရန် ပေ ၂၀ ပတ်လည် ၁ ခန်း၊ အလျား ၂၀ ပေ၊ အနံ ၁၀ ပေအကျယ်ရှိ အခန်း ၂ ခန်း စုစုပေါင်း လူနာ ၈  ဦးခန့်ထားရှိနိုင်ရန်စီစဉ်ထားကြောင်း၊ လက်ရှိ သာစည်ဆေးရုံတွင် PPE ဝတ်စုံ ၁၀ စုံ၊  N 95 mask  ၄၀၀ ခု၊ surgical mask  ၃၀၀၀ ခု၊  BPI hand  gel ၅၀ ဗူးတို့ဖြင့် ကြိုတင်ပြင်ဆင်ထားကြောင်းနှင့် လက်ဆေးရန်နေရာများ ဆောင်ရွက်ထားရှိမှုတို့ကို  မြို့နယ်ဆရာဝန်ကြီး  ဒေါက်တာလင်းထင်ကျော်က ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ထွန်းထွန်း(သာစည်)