မံစီ မေ ၈
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်သမဝါယမဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ မေ ၈ ရက် နံနက် ၁၀ နာရီက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် တန်းဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းကို ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်နှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက တာဝန်ယူ ဖွင့်လှစ်ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်တင်စိုးက သင်တန်းနှင့်စပ်လျဉ်းသည့်အကြောင်း အရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာနမှူး ဒေါ်ခင်လေးသန်းက သမဝါယမဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် သမဝါယမအသင်း သားမိသားစုဝင်များအား အသက်မွေးပညာများ သင်ကြားပေးကာ သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင်ပါဝင်စေရေး မျှော်မှန်းချက်များကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက သင်တန်းသူ သင်တန်းသားများကို သင်ထောက်ကူ ပစ္စည်းများပေးအပ်ခဲ့သည်။
သင်တန်းတွင် လိုင်ချီးဖျော်ရည်၊ စပျစ်ဝိုင်၊ သင်္ဘောသီးယို၊ သရက်သီးယို၊ ဇီးယိုစသည့်ဖြင့် စားသောက်ကုန်စုစုပေါင်း(၁၃)မျိုးနှင့် ဘက်စုံသုံးဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ Hand Spray စသည်ဖြင့် လူသုံးကုန်ပစ္စည်းစုစုပေါင်း(၁၀)မျိုးတို့ကို (၈.၅.၂၀၂၃) ရက်နေ့မှ (၁၂.၅.၂၀၂၃) ရက်နေ့ အထိ ဗန်းမော်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်း(၅)ဦးက သင်တန်းနည်းပြများ အဖြစ်တာဝန်ယူကာ အခမဲ့ပို့ချသွားမည်ဖြစ်ရာ သင်တန်းသူ သင်တန်းသား စုစုပေါင်း (၄၀)ဦး တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)