အင်္ဂပူ ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အင်္ဂပူမြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေ ပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် အစီအစဉ်တကျ ကျင်းပနိုင်ရေးအတွက် အစမ်းလေ့ကျင့်မှုများ ကို ယနေ့ နံနက်ပိုင်းက အ-ထ-က(ကွင်းကောက်)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစမ်းလေ့ကျင့်မှုများ ဆောင်ရွက်ရာ ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းနှင့် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးရာ၌ အစီအစဉ်တကျရှိစေရေး၊ ဖျော်ဖြေရေးကဏ္ဍ၊ ပြခန်းများနှင့် ပြိုင်ပွဲများကျင်းပရာ၌ စနစ်တကျရှိစေရေးတို့ကို ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဒေါ်မာလာဝင်း၊ အင်္ဂပူမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရဲရင့်လှိုင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပွဲတော်ကျင်းပရေးကော်မတီအဖွဲ့များက ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
အင်္ဂပူမြို့နယ်၊ အ-ထ-က(ကွင်းကောက်)၌ ကျင်းပမည့် ကလေးစာပေပွဲတော်ကို ဇန်နဝါရီလ ၃ ရက်နေ့ မှ ၄ ရက်နေ့အထိ နှစ်ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်တွင် ထူးချွန် ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်း၊ အင်္ဂပူမြို့နယ် ပြခန်း၊ အခြေခံပညာဦးစီးဌာန ပြခန်း၊ မြို့နယ် ရဲတပ်ဖွဲ့ပြခန်း၊ မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ပူးပေါင်းပြခန်း၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် လူထုဗဟိုပြုစီမံကိန်း ပူးပေါင်းပြခန်း၊ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများ၏ ပူးပေါင်းပြခန်းများအပြင် ကလေးစာဖတ်ခန်း၊ ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြော၊ စက္ကူခေါက်၊ ဆေးရောင်ခြယ်၊ အရုပ်ဆက်၊ စကားပုံဆက်၊ အိမ်ဆောက် စသည့် ပြိုင်ပွဲများနှင့် ထုပ်ဆီးတိုးပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲ၊ ဘဲဖမ်းပြိုင်ပွဲများ၊ ကျောင်းပေါင်းစုံ ပဒေသာ ကပွဲ အစီအစဉ်များ၊ စာပေဟောပြောပွဲ၊ စာအုပ်စျေးရောင်းပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မန်းကျော်(အင်္ဂပူ)