ပူတာအိုခရိုင် နောင်မွန်မြို့နယ်၌ ကဆန်ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွား

ပူတာအို     အောက်တိုဘာ     ၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့ နံနက်(၆)နာရီအထိ ကမ်းပါးပြိုကျ၍ နောင်မွန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ စာအုပ်စာစောင်နှင့် ပရိဘောဂပစ္စည်းများအား ဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ထားကြောင်း သိရသည်။

ကဆန်ချောင်းရေတိုက်စားမှုကြောင့်မြေသား(၁၂)ခန့်ပြိုကျသည့်ကမ်းပါးမှ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးအနောက်ဘက် အောက်ခြေတိုင်အထိ (၂၈)ပေခန့်သာ ကျန်ရှိသည်။ အဆိုပါ ကမ်းပါးပြိုကျမှုကြောင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်ရှိ စာအုပ် စာစောင်များအား သားငှက်ရိပ်သာသို့ ပြောင်းရွှေ့ထားရသည်။

စက်တင်ဘာလမှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကဆန်ချောင်း ရေကြီးရေလျှံမှုဖြစ်ပေါ်၍ စက်တင်ဘာ (၂၄)ရက်မှစတင်ကာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အနောက်ဘက် ရေကာတာ(မြေထိန်းနံရံ)ဟောင်းပြိုပျက်ကာ ရုံးမြေများရေတိုက်စားမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

ဖုန်ကန်(ပြန်/ဆက်)