ရှင်ဗွေယန်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးများ ထိုးနှံပေး

ရှင်ဗွေယန်    အောက်တိုဘာ  ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ မြို့ပေါ်(၄)ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးပေးခြင်း လုပ်ငန်းများကို စက်တင်ဘာလ(၅)ရက်မှ(၆)ရက်နေ့ထိ နံနက်(၁၀)နာရီတွင် စတင်၍ ကျေးလက်ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၂)နှစ်အောက်ကလေးများအတွက်လစဉ် ဘီစီဂျီ၊ ငါးမျိုး စပ်ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) တို့ကို ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ဆုံဆိုမေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရှင်ဗွေယန်မြို့ပေါ်(၄)ရပ်ကွက် အတွင်းရှိ အသက်(၂)နှစ်အောက် ကလေးငယ်(၃၃)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၃၆)ဦးတို့အား (၂)ရက်ကြာ လစဉ် ပုံမှန် ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။

လင်းသွယ်ဦး(ပြန်/ဆက်)