မြစ်ကြီးနားမြို့၌ မုန်တိုင်းဘေးအန္တရာယ် မြန်ဆန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ဆောင်ရွက်ထားရှိမှု၊ ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းသိုလှောင်ထားရှိမှုနှင့် ရေပြင်ကယ်ဆယ်ရေးဇာတ်တိုက် လေ့ကျင့်မှုများဆောင်ရွက်

မြစ်ကြီးနား မေ ၁၁

ကချင်ပြည်နယ်အတွင်း မုန်တိုင်းအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရမည့် လုပ်ငန်းများ မြန်ဆန်ထိရောက်စွာ ချိတ်ဆက်ဆောင်ရွက် နိုင်ရေး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ဆောင်ရွက်ထားရှိမှု၊ ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းသိုလောင် ထားရှိမှုနှင့် ရေပြင်ကယ်ဆယ်ရေးဇာတ်တိုက် လေ့ကျင့်မှုများကို ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့၌ ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ကူညီကယ်ဆယ်ရေးလုပ်များ လျင်မြန်ထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ ယာဉ်/စက်ယန္တရားများနှင့် ကယ်ဆယ်ရေးအထောက် အကူပြု ပစ္စည်းများ စုဖွဲ့ဆောင်ရွက်ထားရှိမှုကို မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အားကောင်းသော မုန်တိုင်းငယ်သည် လက်ရှိ အခြေအနေတွင် ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွှေ့လျားနိုင်မည့် အခြေအနေကြောင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် အတွက် မုန်တိုင်းဘေးအန္တရာယ်ဖြစ်ပွားခဲ့ပါက မိမိတို့ ကချင်ပြည်နယ်အနေဖြင့်လည်း ချက်ခြင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုတင်စုဖွဲ့ဆောင်ရွက်ထားခြင်း ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ ဘေးအန္တရာယ်တုံ့ပြန်ရာတွင် သတ်မှတ်အချိန် အပိုင်းအခြားအလိုက် စနစ်တကျ စုဖွဲ့၍ အလျင်အမြန်ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် မိမိတို့ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများကို ဘေးအန္တရာယ်မှ အားခွန်သွန်စိုက် ကာကွယ်စောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်း မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဘောလုံးကွင်းအတွင်း ဘေးအန္တရာယ် တုံ့ပြန်ရေးလုပ်ငန်းများအတွက် စုဖွဲ့ထားရှိသည့် တပ်မတော်သား (၁၀၀)ဦး၊ ပြည်နယ် ရဲတပ်ဖွဲ့ဝင် (၉၅)ဦး၊ ပြည်နယ်မီးသတ်တပ်ဖွဲ့မှသန္ဓေ/အရန်တပ်ဖွဲ့ဝင်(၅၀)ဦး၊ လမ်းဦးစီးဌာနမှ (၁၃)ဦး၊ ပြည်နယ် စည်ပင် သာယာရေးအဖွဲ့မှ (၃၀)ဦး၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များမှ (၂၅၀)ဦးတို့ စုစုပေါင်း (၅၇၇)ဦးတို့အား ရင်းရင်းနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ကြပြီး အဆိုပါကွင်းအတွင်း လူနာတင်ယာဉ်များ၊ စက်ယန္တရားအစီး (၃၀)တို့နှင့် ရေပြင်/မြေပြင်ရှာဖွေ ကယ်ဆယ်ရေးပစ္စည်း (၄၂)မျိုး အသင့်စုဖွဲ့ ပြသထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်အတွင်းရှိ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲဦးစီးဌာန၏ မြစ်ကြီးနားသိုလှောင်ရုံ၌ အိမ်ထောင်စုသုံး ပစ္စည်း(၂၁)မျိုးအပြင် လူဦးရေ(၃၀)ဆံ့ မိုးကာတဲကြီး၊ ဆောဒီမိုး ကာတဲ၊ မိုးကာစနှင့် အသက်ကယ် ဘောကွင်းစသည့် ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထားရှိမှု/ ထုတ်ယူသုံးစွဲနိုင်ရေး အဆင်သင့် စုဆောင်းထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့မှတစ်ဆင့် မြစ်ကြီးနားမြို့ စည်ပင်သာယာအဖွဲ့ရုံးအနီး ဧရာဝတီမြစ်ဆိပ်ကမ်း၌ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပါဝင်သည့် ကယ်ဆယ်ရေး အစုအဖွဲ့များ ပူးပေါင်း၍ ရေပြင်ကယ်ဆယ်ရေး ဇာတ်တိုက် လေ့ကျင့်ခန်း သရုပ်ပြပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ရေပြင်ကယ်ဆယ်ရေးဇာတ်တိုက်‌ လေ့ကျင့်ခန်းတွင် မီးသတ်တပ်ဖွဲ့ဝင်များက Fire Boat ဖြင့် ရေပြင်မီးငြှိမ်းသတ်ရေး လုပ်ငန်းဆောင်ရွက်မှု၊ Speed Boat ဖြင့် ရေပြင်ကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်မှုနှင့် Dive Suit ဖြင့် ရေအောက်ရှာဖွေ ကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)