လွိုင်လင် ဇန်နဝါရီ ၂
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း စာရင်းစစ် စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံး သင်တန်းခန်းမတွင် ကျင်းပကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လွိုင်လင်မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင် တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။
သန်းခေါင်စာရင်းကောက်ယူရေးနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား ကာလရှိ မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အနီးကပ်ဆုံးမှန်ကန်စွာ ခန့်မှန်းနိုင်ရန်၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များ၏ ပြောင်းလဲမှုအား နှိုင်းယှဉ်လေ့လာသုတေသနပြုနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း Myanmar Sustainable Development Plan (MSDP) ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သော အညွှန်းကိန်းများရရှိရန် စသည့် ရည်ရွယ်ချက်များ ပါရှိကြောင်း၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရာတွင် ရှမ်းပြည်နယ်တစ်ခုလုံး အတိုင်းအတာဖြင့် နမူနာစာရင်းကောက်ကွက်ပေါင်း(၄၃၉)ကွက်အနက် လွိုင်လင်ခရိုင်အနေဖြင့် (၅၁)ကွက် ကောက်ယူမည်ဖြစ်ကြောင်း၊ စာရင်းကောက်ကွက်(၁)ကွက်တွင် အိမ်ထောင်စု(၃၈)စုပါဝင်ကြောင်း၊ စာရင်းကောက် တစ်ဦးသည် စာရင်း ကောက်ကွက်(၂)ကွက်ကို စာရင်းကောက်ကာလ(၁၄)ရက်အတွင်း ပြီးစီးအောင် တာဝန်ယူကောက်ခံရမည်ဖြစ်ကြောင်း၊ စာရင်းစစ်တစ်ဦးသည် စာရင်းကောက်(၄)ဦးကို ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူးက ရှင်းလင်းပြော ကြားသည်။
အဆိုပါ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း စာရင်းစစ်စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လွိုင်လင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သီ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမြထွေးနှင့် ဖိတ်ကြားထားသောဧည့်သည်များ၊ သင်တန်းသား/သူများ(၃၄)ဦး တက်ရောက်ကြပြီး သင်တန်းကို ဇန်နဝါရီလ ၁၂ ရက်နေ့အထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
မိုးလွင်ဦး(လွိုင်လင်)