နောင်မွန်း မေ ၁၂
ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်တွင် အများပြည်သူမုန်းတိုင်းအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် မုန်တိုင်းကျ ရောက်လာပါက ရှောင်ရန်ဆောင်ရန်နှင့် လိုက်နာရမည့် အချက်များအား အသိပေးနှိုးဆော်ခြင်းနှင့် ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီတွင် မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အများပြည်သူသို့ မုန်းတိုင်းသတိပေးကြေညာချက်တွင် မိုချာမုန်တိုင်းနှင့် ပတ်သက်၍ မေလ(၁၁) ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီထုတ်ပြန်ချက်များ၊ မုန်တိုင်းနှင့် ပတ်သက်သော အရောင်အဆင့် သတ်မှတ်ချက်များ၊ မုန်တိုင်းမကျရောက်မီ ကြိုတင်ပြင်ဆင်ထားရမည့် အချက်များ၊ မုန်တိုင်းကျရောက် နေစဉ်လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီက စီမံထားသည့် မုန်တိုင်းကျရောက်လာပါက ပြည်သူများ ခိုလှုံရမည့် သတ်မှတ်နေရာများအား အသိပေးခြင်းများ ပါဝင်ပြီး ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာမှုရှိစေရန် လိုက်လံသတိပေးနှိုးဆော်ခြင်းဖြစ်ကာ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအနေဖြင့် စီမံချက်များရေးဆွဲ၍ ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။
ထိုသို့လှည့်လည်အသိပေးနှိုးဆော်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း ပါဝင်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသံချဲ့စက်၊ လော်စပီကာများဖြင့် လိုက်လံသတိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)