မယ်စဲ့မြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ များ တွေ့ဆုံဆွေးနွေး

မယ်စဲ့     အောက်တိုဘာ     ၆

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံ ဆွေးနွေးပွဲကို အောက်တိုဘာ ၅ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ ဌာနများ အလိုက် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်ဖောင်းရှိုက ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဌာနဆိုင်ရာများက မူဝါဒများနှင့်အညီ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်စေလိုကြောင်း၊ ပြည်သူများ၏ အခြေခံလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် မူးယစ်ဆေးဝါးအခန်းကဏ္ဍသည် အရေးကြီးသည့် အတွက် ယနေ့ ပြည်သူများအကြား စိမ့်ဝင်ပျံ့နှံ့နေသည့် မူးယစ်ဆေးဝါး အန္တရာယ်ကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျေးလက်လမ်းများ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် လိုအပ်သည့် အချက်များ ရှိပါက ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့ ပူးပေါင်း၍ အချိန်မီ ဆောင်ရွက်စေလိုကြောင်းနှင့် ဌာနဆိုင်ရာများအနေဖြင့် အခက်အခဲများရှိပါက တင်ပြဆွေးနွေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လိုအပ်ချက်များနှင့် နှစ်နိုင်ငံ ကုန်သွယ်ရေး လုပ်ငန်းများကို ကဏ္ဍအလိုက် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)