ပြင်စလူမြို့တွင် မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ်ထုတ်ပြန်ကြေညာ

 ပြင်စလူ    အောက်တိုဘာ  ၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြေညာ ထားရှိရာမဲဆန္ဒရှင်ပြည်သူများမှ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွန်ချက်များနှင့်အညီ လာရောက်ကြည့်ရှု လျက်ရှိကြောင်း သိရသည်။

မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိရာတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့်မဲဆန္ဒရှင် စာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ-၃ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊အခြားဒေသမှ လာရောက်နေထိုင်သူများ ဖြစ်ပါက ပုံစံ-၃(က)ဖြင့်လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင် သင့်သူများ ပါဝင်နေပါက ပုံစံ-၄ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်စိစစ် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မဲစာရင်းများကို အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး မပျက်မကွက်လာရောက်ကြည့်ရှုကြရန် တိုက်တွန်း နှိုးဆော်ထားကြောင်း မြို့ရွေးကောက်ပွဲ ကော်မရှင်ခွဲရုံးမှ သိရသည်။

 ဇင်ဖြိုးသူ(ပြန်/ဆက်)