ကျောက်မဲ ဇန်နဝါရီ ၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်း ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူ နိုင်ရေးအတွက် ခရိုင်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျောက်မဲခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူးရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ကျောက်မဲခရိုင် သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဦးထိန်ဝင်းက ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူ ခြင်းဖြင့် လက်ရှိလူဦးရေးနှင့် လူမှုစီးပွားဆိုင်ရာ စာရင်းအင်း အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ အနီးစပ်ဆုံးခန့်မှန်းနိုင်မည်ဖြစ်ကြောင်း၊ ကြားဖြတ်သန်းခေါင်စာရင်းကို ယခင်ကဲ့သို့ မေးခွန်းပုံစံစာရွက်ဖြင့် ကောက်ယူခြင်းမဟုတ်ဘဲ မိုင်ဘိုင်း (Tablet)ဖြင့် ကောက်ယူ သွားမည်ဖြစ်ကြောင်း၊ သင်တန်းကို ဇန်နဝါရီ ၂ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၁၁ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ စာရင်းကောက်ကာလကို ဇန်နဝါရီ ၁၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၁၄ ရက်ကြာ သတ်မှတ်ထားပြီး သတ်မှတ်ကောက်ကွက်များတွင် စာရင်းများကို ကောက်ယူသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား/သူ ၃၃ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း (ခရိုင်ပြန်/ဆက်)