ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနာမြို့ ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း မိုးစပါး စိုက်ပျိုးနိုင်ရေးကြိုတင်ပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား မေ ၁၄

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးရေးစံပြစိုက်ကွက်တစ်ခုဖြစ်ပေါ်လာစေရေး မြစ်ကြီးနားမြို့ရှိ ဧက ၁၀၀ စံပြစိုက်ကွက်အား မိုးစပါးအပြင်တစ်နှစ်သုံးသီးဖြင့် သီးထပ်သီးနှံစိုက်ခင်းများ၊ အများပြည်သူလေ့လာအပန်းဖြေနိုင်သည့် နေရာတစ်ခုဖြစ်စေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၁၃ ရက် ညနေ ၃ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ၊ တောင်သူများနှင့်အတူ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အပိုင်းရှိ လယ်ယာမြေဧရိယာအတွင်း မိုးစပါးစိုက်ပျိုးနိုင်ရေးထွန်ယက်ထားရှိမှုများ၊ ရေရှိနိုင်မှုအခြေအနေများ၊ လယ်ယာမြေများပေါ်တွင် ကျူးကျော်အဆောက်အုံများ တိုးချဲ့ဆောက်လုပ်ထားရှိမှုအခြေအနေများ၊ ဆိုလာစနစ်ဖြင့်စက်ရေတွင်းတူးဖော်ပြီး ပင်မမြောင်းမကြီးသို့ တူးမြောင်းသွယ်တန်းပေးပို့နေမှုအခြေအနေများနှင့် ပြောင်းစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် အဆိုပါ ဧက ၁၀၀ စံပြစိုက်ကွက် တပ်ကုန်းနှင့်စီတာပူအပိုင်းရှိ လယ်ယာမြေများပေါ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ပင်များအား သဘာဝမြေသြဇာအဖြစ် မိုးစပါးစိုက်ပျိုးနိုင်ရေး ထယ်ထိုးမြှုပ်နှံထားရှိမှုအခြေအနေများ၊ တပ်ကုန်းဘက်ခြမ်းရှိလူနေအိမ်၊ စားသောက်ဆိုင်များမှ လယ်ယာမြေများအတွင်း ရေဆိုးစွန့်ထုတ်မှုမရှိစေရေးနှင့် လယ်ယာမြေများပေါ်တွင် စိုက်ပျိုးချိန် ကျွဲ၊ နွား အန္တရာယ်ကင်းဝေးရန်အတွက် စိုက်ကွက်တစ်ခုလုံးခြံခတ်ပေးနိုင်ရေး၊ လယ်မြေများပေါ်တွင် နေအိမ်ဆောက်လုပ်ရန် ခြံခတ်ထားရှိမှုများကို ဥပဒေနှင့်အညီ ရှင်းလင်းဆောင်ရွက်နိုင်ရေး၊ စိုက်ကွက်များအတွင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အင်ဂျန်းခချောင်း ပြန်လည်တူးဖော်ထားရှိမှု၊ ချောင်းရေအားစိုက်ခင်းများအတွင်း အသုံးချနိုင်ရေး ‌ဆိုလာရွေ့လျားရေတင် စက်များအသုံးပြုနိုင်ရေးအတွက် မန်ခိန်စက်မှုဇုံရပ်ကွက်မှ တပ်ကုန်းရပ်ကွက် ဒူဝါဇော်ရစ်လမ်းအထိ လယ်ကွင်းများအတိုင်း ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် စိုက်ကွက်ဧရိယာအတွင်း တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးအတွက် တောင်သူများအားစည်းရုံး၍ နည်းစနစ်ကျ စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေးသွင်းအားစု များ ပံ့ပိုးကူညီပေးနိုင်ရေး၊ စိုက်ပျိုးရေလုံလောက်မှုရှိစေရေးအတွက် စက်ရေတွင်းနှင့် ဆိုလာအသုံးပြု စက်ရေတွင်းများကို စနစ်တကျတိုင်းထွာတူးဖော်ပေးရေး၊ ဧရိယာဘေးတစ်ခုလုံးအားရေနှုတ်မြောင်း ပတ်လည်တူးဖော်နိုင်ရေးနှင့် လယ်ယာမြေများတွင် နေအိမ်ဆောက်လုပ်မှုများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးဌာနဆိုင်ရာများ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)