ဆဒုံး မေ ၁၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၌ တရားမဝင်ဆေးဝါးများ ရောင်းချခြင်း မရှိစေရန်နှင့် တရားမဝင်ရောင်းချနေသည့် ဆေးဝါးအမည်စာရင်းများကို ယမန်နေ့ ညနေ (၄) နာရီက ဆဒုံးမြို့၊ အမှတ် (၂) ရပ်ကွက်တွင် အသိပညာပေးဆိုင်းဘုတ် စိုက်ထူခဲ့သည်၊၊
အဆိုပါ ဆိုင်းဘုတ်စိုက်ထူရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် Crestor 10 mg Tablet ဆေးဝါး အတု/အစစ်နှင့် တရားမဝင်ဆေးဝါး (၁၇) မျိုးအား ဆဒုံးမြို့ရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အလျား (၄) ပေ၊ အနံ (၆) ပေရှိ ဆိုင်းဘုတ်ကို လူစည်ကားရာလမ်းဆုံနေရာတွင် အသိပေးစိုက်ထူရခြင်းဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်၊၊
ဆဒုံးမြို့သည် နယ်စပ်ဒေသဖြစ်သောကြောင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်း မရှိစေရေး အတွက် ဆိုင်းဘုတ်စိုက်ထူခြင်းကို ဆဒုံးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်၊၊
ခင်မာဝင်း(ဆဒုံး)