မြစ်သား ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မှ ကြီးမှူး၍ Corona virus Disease 2019(COVID-19) လတ်တလော အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ (၄:၀၀) နာရီ အချိန်က လက်ပံဆိပ်ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင် ဒေါ်အိအိသွယ်က အမှာစကား ပြောကြားခြင်း၊ မြို့နယ် ကျန်းမာရေးမှူး ဒေါ်ထွန်းမေ က ကိုရိုနာဗိုင်းရပ်စ် ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ က ဒေသခံပြည်သူများအား ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင်ရောဂါ အကြောင်းကို ပြည်သူများ သေချာစွာ သိရှိနားလည်ပြီး ရောဂါ ဖြစ်ပွားမှု မရှိစေရန် တစ်ကိုယ်ရေ သန့်ရှင်းစွာနေထိုင်ရေးနှင့် လူထူထပ်သော နေရာများသို့ သွားရောက်ပါက ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကို သိရှိစေရန်အတွက် ကျန်းမာရေး အသိပညာပေးခြင်းကို ကျေးရွာများအရောက် ကွင်းဆင်း၍ ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးမှူး ဒေါ်ထွန်းမေ မှ ပြောကြားခဲ့ကြောင်း သိရသည်။
ဆုမွန် (ပြန်/ဆက်)