မံစီမြို့နယ်၌ နွေရာသီအခြေခံ အားကစားသင်တန်း သင်တန်းဆင်းပွဲ ကျင်းပ

မံစီ မေ ၁၆

ကချင်ပြည်နယ်ဗန်းမော်ခရိုင် မံစီမြို့နယ် မြို့တော်ခန်းမ၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်း သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီက ကျင်းပခဲ့သည်။

အဆိုပါ အားကစားသင်တန်းကို နွေရာသီကျောင်းပိတ်ရက်အတွင်း လူငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် လူငယ်များ ဗလငါးတန်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ထူးချွန် ထက်မြက်၍ အရည်အသွေးပြည့်ဝသော အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ် သင်ကြားခြင်းဖြစ်ပြီး Physical Fitness Dance   နှင့် အေရိုးဗစ် အားကစားနည်း (၂)မျိုးကို မေလ (၄) ရက်နေ့မှ (၁၅) ရက်နေ့ထိ သင်ကြားခဲ့ရာ သင်တန်းသူ စုစုပေါင်း (၇၁) ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး သင်တန်းနည်း ပြများကို ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့သည်။ သင်တန်းနည်းပြများနှင့် သင်တန်းသူများက တက်ရောက်လာသူများကို Physical Fitness Dance  နှင့် အေရိုးဗစ် အကများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)