မိုးညှင်း မေ ၁၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်းအထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းကို ယနေ့နံနက် (၁၀) နာရီက ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ အခမဲ့ ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်လှစ်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်က ကျေးလက်နေပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်း သင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် ကျွမ်းကျင်လုပ်သားများ လေ့ကျင့်ပျိုးထောင်ပေးရန်စသည့် ရည်ရွယ်ချက်များကို ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်က သင်တန်းပို့ချမည့်အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ သင်တန်းသူများအတွက် သင်ထောက်ကူပစ္စည်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြပြီးနောက် တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် သင်တန်းတွင် သင်ကြားပို့ချသွားမည့် သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသထားရှိမှု အခြေအနေများကို တာဝန်ရှိသူများကကြည့်ရှုအားပေးပြီး သင်တန်းသူများနှင့် တွေ့ဆုံအားပေးစကား ပြေားကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ ကျေးလက်ကျေးရွာ (၇) ရွာမှ သင်တန်းသူ (၁၅) ဦး တက်ရောက်ကြပြီး ပြင်ပမှငှားရမ်းထားသည့် ကျွမ်းကျင်ဆရာမနှစ်ဦးက အနီးကပ်စာတွေ့လက်တွေ့ဖြင့် မေလ(၁၅)ရက်မှ ဇွန်လ(၁၆)ရက်ထိ တစ်လကြာ အခမဲ့သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
ရွှေမိုးညှင်း