အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ဧပြီလအတွင်း ဌာနေရေပျော်ငှက်မျိုးစိတ်နှင့် ဒေသပြောင်းရွှေ့ရေပျော်ငှက်မျိုးစိတ် (၄၁) မျိုး ကောင်ရေ(၆၂၁၅)ကောင် စာရင်းကောက်ယူနိုင်

မိုးညှင်း မေ ၁၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသ များတွင် ဧပြီလအတွင်း ကျက်စားလျက်ရှိသော ဌာနေရေပျော်ငှက်မျိုးစိတ်နှင့် ဒေသပြောင်းရွှေ့ ရေပျော်ငှက်မျိုးစိတ် (၄၁) မျိုး၊ ကောင်ရေ (၆၂၁၅) ကောင်ကို အင်းတော်ြကီးဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

အင်းတော်ကြီးအိုင်တွင် ကျင်လည်ကျက်စားလျက်ရှိသော ဌာနေရေပျော်ငှက်မျိုးစိတ်များနှင့် အခြားသော အနယ်နယ်အရပ်ရပ်မှ ပြောင်းရွှေ့လာသည့် ဒေသပြောင်းရွှေ့ရေပျော်ငှက်မျိုးစိတ်များ လာရောက်ကျက်စားလျက်ရှိရာ ၂၀၂၃ခုနှစ် ဧပြီလအတွင်း စာရင်းကောက်ယူချက်အရ ဌာနေရေပျော်ငှက်မျိုးစိတ် (၂၀)မျိုး၊ ကောင်ရေ (၄၅၈၆)ကောင်နှင့် ဒေသပြောင်းရွှေ့ ရေပျော်ငှက်မျိုးစိတ် (၂၁)မျိုး၊ ကောင်ရေ (၁၆၂၉)ကောင် စုစုပေါင်းငှက်မျိုးစိတ် (၄၁)မျိုး၊ ကောင်ရေ(၆၂၁၅)ကောင်ကို အင်းတော်ကြီးအိုင်၏ အရှေ့ဘက်၊ အနောက်ဘက်နှင့် အင်းတော်ချောင်းတစ်လျှောက် ချောင်းဘေးဝဲ/ယာနှင့် ဆက်စပ်ရေဝပ်ဒေသများရှိ ကိုင်းတောများအတွင်းသို့ တာဝန်ရှိသူများက အဖွဲ့များခွဲ၍ စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ရှိရသည့် ဌာနေရေပျော်ငှက်မျိုးစိတ်များနှင့် ဒေသပြောင်းရွှေ့ ရေပျော်ငှက်မျိုးစိတ်များသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင် ငှက်မျိုးစိတ်တစ်မျိုး၊ ကောင်ရေ (၁၄၁၈)ကောင်လျော့နည်းသွားခဲ့ကြောင်း၊ ငှက်မျိုးစိတ်များ စာရင်းကောက်ယူရာတွင် အင်းတော်ကြီးအိုင် ပတ်လည်နဘေးရှိ ကိုင်းတောများနှင့် ကျည်းတောများတွင် ကျက်စားလေ့ရှိသဖြင့် မြင်တွေ့ရန် ခက်ခဲလျက်ရှိကြောင်းနှင့် အင်းတော်ကြီးဒေသအတွင်း မိုးရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများကြောင့် ရာသီဥတုအနည်းငယ် ဆိုးရွားနေသဖြင့် ငှက်မျိုးစိတ်များနှင့် ငှက်ကောင်ရေများ တွေ့ရှိရမှုလျော့နည်းသွားလျက်ရှိကြောင်း သိရသည်။

ထို့နောက် ၂၀၂၃ခုနှစ် ဧပြီလအတွင်း တွေ့ရှိရသည့် ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်ဖြစ်သော လင်းတငှက်မျိုးစိတ်နှစ်မျိုးမှာ လင်းတကျော်ဖြူငှက်မျိုးစိတ် နှစ်ကောင်နှင့်ဟိမဝန္တာလင်းတ ငှက်မျိုးစိတ် (၅၄) ကောင် စုစုပေါင်းကောင်ရေ (၅၆) ကောင်ကို အင်းတော်ြကီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း အင်းတော်ြကီးဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ရွှေမိုးညှင်း