မြစ်ကြီးနား မေ ၁၇
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အလယ်တန်းအဆင့် Grade-9 (သင်ရိုးသစ်) ပြည်နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပညာရေး မူဝါဒပြောင်းလဲမှုအပေါ် ဆောင်ရွက်ချက်များနှင့် ကျောင်းသား/သူများအား လေ့ကျင့်သင်ကြားရာတွင် ထိရောက်စွာသင်ကြားပေးနိုင်ရေး အခြေခံ ပညာသင် ဆရာ/မများအား သင်ကြားရေးဆိုင်ရာ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်လျက်ရှိရာ ယခုသင်တန်းသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အလယ်တန်း အဆင့် Grade-9 (သင်ရိုးသစ်) ဆင့်ပွားသင်တန်းဖြစ်ပါကြောင်း၊ မိမိတို့ကိုယ်တိုင် နားလည် တတ်ကျွမ်းမှုရှိမှသာလျှင် ကျောင်းသား/သူများအား သင်ကြားရာ၌ ထိရောက်မည်ဖြစ်ပါကြောင်းဖြင့် အဖွင့်အမှာ စကားပြောကြားပြီး မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်းက Grade-9 (သင်ရိုးသစ်)တွင် သင်ကြား ဆွေးနွေးမည့် ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းတက်ရောက်မည့် ဆရာ/မများအား ရင်းရင်းနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းကို မေ ၁၇ ရက်မှ ၂၄ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကာ ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားခရိုင်၊ တနိုင်းခရိုင်၊ ပူတာအိုခရိုင်နှင့် ချီဖွေခရိုင်အတွင်းရှိ အထက်တန်းဆင့်သင် ဆရာ/မ (၁၁၇၇) ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)