မြစ်ကြီးနား မေ ၁၈
မြန်မာနိုင်ငံအတွင်း အလွန့်အလွန်အားကောင်းသော “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်း ဝင်ရောက်မှုကြောင့် ဘေးသင့် ဒေသများရှိ ပြည်သူများအား ပြန်လည်ထူထောင်ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ကူညီထောက်ပံ့မှုများ ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ ဒေသတွင်းရှိ လုပ်ငန်းရှင်အသင်း/ အဖွဲ့များ နှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အလှူငွေများ စုပေါင်းထည့်ဝင်လှူဒါန်းခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က “မိုခါ” မုန်တိုင်းကြောင့် မိမိတို့ ပြည်ထောင်စုထဲမှ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်အပါအဝင် အချို့သော ဒေသများတွင် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဘေးသင့်ဒေသများတွင် ရှာဖွေကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ မိမိတို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်း(၁၀၀၀)ကို လှူဒါန်းပေးပို့ထားပြီးဖြစ်သည့်အပြင် ပြည်နယ်သူ/ ပြည် နယ်သားများ အနေဖြင့်လည်း မိမိတို့၏ ညီနောင်သားချင်း ဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းနိုင်ရေး ဝိုင်းဝန်း ဆွေးနွေးသွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ကော်မတီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများက ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် အခြားဒေသများတွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ ဘေးသင့်ဒေသများသို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်သွားမည့် အခြေအနေ များကို ရှင်းလင်းပြောကြားပြီး ဒေသခံလုပ်ငန်းရှင်အသင်း/အဖွဲ့များက ဘေးသင့်ဒေသများအတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေး ပြည်နယ်ကော်မတီထံ အသင်းအဖွဲ့တစ်ခုချင်း၊ လုပ်ငန်းရှင်တစ်ဦးချင်းက အလှူငွေများ ထည့်ဝင် လှူဒါန်းခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က အလှူငွေများကို ဗဟိုကော်မတီသို့ လွှဲပြောင်းပေးပို့သွားမည့် အစီအစဉ်များနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်