မချမ်းဘော့မြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

ပူတာအို  အောက်တိုဘာ  ၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲဆန္ဒ နယ်မြေများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ စာရင်းများ ဒုတိယအကြိမ် ကပ်ထား ကြေညာထားရှိမှုများကို ယနေ့နံနက် ၁၀ နာရီတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမိုးအောင်နှင့် အဖွဲ့ဝင်များက မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး ပြည်သူများ အကျယ်တဝင့် သိရှိနိုင်ရန်နှင့် ယခုတစ်ကြိမ်သည် နောက်ဆုံးအကြိမ် ကပ်ထားကြေညာခြင်းဖြစ်ရာ မဲစာရင်းတွင်ပါဝင်ခြင်း ရှိ/မရှိ လာရောက်ကြည့်ရှု စစ်ဆေးပြီး မပါဝင်ပါက လာရောက် လျှောက်ထားနိုင်ရေးအတွက် သတ်မှတ်ချက်အတိုင်း လိုက်လံထပ်မံအသိပေးနိူးဆော် သွားကြရန်မှာကြားခဲ့ကြောင်း သိရသည်။

မချမ်းဘော့မြို့နယ်အတွင်း ရပ်ကွက်(၄)ရပ်ကွက်၊ကျေးရွာ အုပ်စု(၁၁)အုပ်စုတွင် မဲရုံပေါင်း(၁၇)ရုံနှင့် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာချက်အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၅၇၉၉)ဦးရှိပြီး အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ(၁)ရက်မှ(၁၄)ရက်နေ့အထိ ရက်သတ္တပတ် နှစ်ပတ်ကြာ ကပ်ထားကြေညာ သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ခွန်လင်းဦး (ပြန်/ဆက်)