ရွှေကူမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ပေးလျက်ရှိ

ရွှေကူ မေ ၁၈

နိုင်ငံပိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများ စိုက်ပျိုးစရိတ် အရင်းအနှီးများ ရရှိစေရန်အတွက် ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မိုးရာသီစိုက်ပျိုးရေးစရိတ် ချေးငွေ များကို မေလ  ၁၈  ရက် နေ့လယ် ၁ နာရီခန့်မှ စတင်ထုတ်ချေးပေးလျှက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ‌ဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍  ရွှေကူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးတင်လင်းက မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး  တောင်သူများမှ စိုက်ပျိုးစရိတ်ချေးငွေများနှင့်ပတ်သက်၍ သိလိုသည်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးရာတွင် သီးနှံပေါ်ချိန်၌ ချေးငွေများအချိန်မီ ပြန်လည်ပေးဆပ်ပြီး ယခင်နှစ်ကြွေးကျန်ကင်းရှင်းသော တောင်သူများသာ  ချေးငွေအသစ်ထုတ်ချေးခွင့် ရရှိမည်ဖြစ်ကြောင်း၊ ထို့ပြင်နှစ်တို၊ နှစ်လတ်ချေးငွေများကိုလည်း သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးခွင့်ရရှိမည်ဖြစ်ကြောင်း၊ မိုးရာသီစိုက်ပျိုးစရိတ်ချေး ငွေအနေဖြင့် ယနေ့တွင် နောင်မိုကျေးရွာအုပ်စုရှိ တောင်သူ(၁၂)ဦး၏ မိုးစပါးစိုက်ဧက(၄၇) ဧက အတွက် တစ်ဧကလျှင် ငွေကျပ်(၁၅ဝ,ဝဝဝ)နှုန်းဖြင့် စုစုပေါင်း စိုက်ပျိုးစရိတ်ချေးငွေ(၇,၀၅၀,၀၀၀) ကို  တစ်နှစ်လျှင် အတိုးနှုန်း  ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခဲ့ပြီး ယခုနှစ်အတွင်း မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ စိုက်ပျိုးဧကပေါင်း (၁၂,၀၀၀) အတွက်၊ ငွေကျပ်သိန်းပေါင်း (၁၈,၀၀၀)ကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးတင်လင်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)