ပူတာအိုမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးကွင်းဆင်းဟောပြော

ပူတာအို မေ ၁၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတို့ ပူးပေါင်းမှုဖြင့် ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြိုအနေဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီက ပူတာအိုမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း သင်တန်းခန်းမ၌ ကွင်းဆင်းဟောပြောသည်။

ဟောပြောပွဲတွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ဌေးရီက အဖွင့်အမှာစကားပြောကြားပြီး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက စာတတ်လျှင် စာဖတ်ပါ၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာရသည့် အကြောင်းအရင်းများ၊ ပတ်ဝန်းကျင် ယိုယွင်း ပျက်စီးလာပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ၊ ပတ်ဝန်းကျင် ကောင်းမွန်လာအောင် ထိန်းသိမ်းရမည့် အချက်များ၊ အကျိုးကျေးဇူးအတွက် လုပ်ဆောင်သင့်သည့် အချက်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများ၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ လျော့ချသုံးစွဲခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောသည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် အိမ်တွင်းမှုကျောင်းအုပ်ဆရာမကြီးနှင့် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅)မှ သင်တန်းသူစုစုပေါင်း (၃၅)ဦးတို့က ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အကြိုအနေဖြင့် ခင်းကျင်းပြသထားသော စာအုပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးနံရံ ကပ်စာစောင်၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)