ဟားခါးမြို့၌ ဆင်းရဲနွမ်းပါးပြီး ကျေးလက်ဒေသမှ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံလာရောက် ကုသမှု ခံယူသူများ အခမဲ့တည်းခိုနိုင်သည့် ဧည်ရိပ်သာဖွင့်လှစ်

ဟားခါး အောက်တိုဘာ ၇

ဟားခါးမြို့၌ ဆင်းရဲနွမ်းပါးပြီး ကျေးလက်ဒေသမှ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံလာရောက် ကုသမှုခံယူသူများ အခမဲ့တည်းခိုနိုင်သည့် ဧည်ရိပ်သာကို အောက်တိုဘာ ၁ ရက်နေ့မှစ၍ မျော်လင့်ခြင်းသွေးလှူရှင်အသင်း(ဟားခါး)ကို တည်ထောင်သူဦးကျုံဟူးက ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဧည့်ရိပ်သာနှင့်ပတ်သက်၍ မျော်လင့်ခြင်းသွေးလှူရှင် အသင်း(ဟားခါး)ကို တည်ထောင်သူ အခမဲ့ဧည့်ရိပ်သာပိုင်ရှင်ဦးကျုံဟူးက “ကျွန်တော်တို့ ဒီအခမဲ့ဧည်ရိပ်သာကို ဆောက်ရတဲ့ရည်ရွယ်ချက် ကတော့ ကျေးရွာများကနေဟားခါးကို ဆေးရုံလာတက်ပြီး ငွေကြေးမတတ်နိုင်သူတွေ၊ မရှိဆင်းရဲသားတွေ အခမဲ့ တည်းခိုနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီဧည့်ရိပ်သာကို ဇန်နဝါရီလမှ စဆောက်ခဲ့တာ အကျယ် ပေ၅၀၊၃၆ပေ နှစ်ထပ် ဆောင်ပေါ့။ မီးဖိုဆောင်ကတော့ ပေ၂၀၊၂၈ပေဖြစ်ပါတယ်။ အခန်းပေါင်း (၆)ခန်းနှင့် လူနာကုတင် (၁၅)လုံး ဖြစ်ပါတယ်။ ပြီးတာတော့ သြဂုတ်လမှာပြီးပါတယ်။ ဖွင့်တာကတော့ အောက်တိုဘာလ ၁ရက်နေ့ကနေ စဖွင့်ခဲ့တာပါ။ အဓိကတော့ ဟားခါးမြို့ကို ဆေးရုံလာတက်တဲ့သူ ဆင်းရဲနွမ်းပါး ပြည်သူတွေအတွက် ဖြစ်ပြီးတော့ ဝန်ဆောင်မှုအနေနဲ့တော့ ဆင်းရဲသား ငွေကြေး မတတ်နိုင်သူတွေကို ဆေးရုံအတက်အဆင်း Ambulance ကားတွေနဲ့အကြိုအပို့လုပ်ပေးပါမယ်။ ပြီးတော့ ငွေကြေးမရှိသူတွေကို စားစရိတ်၊ ဆေးထိုးတာ၊ခွဲစိတ်တာတွေကို ကျခံပေးသွားမှာပါ၊ တကယ်လို့ အသက်သေဆုံးသွားသူရှိခဲ့လျှင် သေဆုံးသူ၏ ဇာတိကျေးရွာအထိ အခမဲ့လိုက်ပို့ပေးသွားမှာဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ ကျွန်တော်တို့ရဲ့အခမဲ့ဧည့်ရိပ်သာမှာ လျှစ်စစ်မီးမရသေးပါဘူး အခုလူနာတွေ မရှိသေးတော့ ဘာမှမဖြစ် ပေမယ့် လူနာတွေရှိလာရင် လျှပ်စစ်မီး အရမ်းလိုအပ်ပါတယ်။ လျှပ်စစ်မီးရဖို့လဲ တောင်းဆိုထားပါတယ်။ မျော်လင့်ခြင်းသွေးလှူရှင် အသင်း (ဟားခါး)ကို ကျွန်တော် ၂၀၀၄ လောက်က စတင်တည်ထောင် ပြီးနောက် ဒီအသင်းနာမည်နဲ့ပဲ အခမဲ့တည်းခိုနိုင်သည့် ဧည်ရိပ်သာဖွင့်လှစ် တာဖြစ်ပါတယ်။ ဆက်သွယ်ဖို့ကတော့ လိပ်စာ- No.122, GTI Circle Road, Hakha New Town         ဖုန်း-09400305298 (ကျုံဟူး) ဖြစ်ပါတယ်”ဟု ပြောပြခဲ့ပါတယ်။

ဟားခါးမြို့၌ ကျန်းမာရေးအခြေအနေကြောင့် အခက်အခဲရှိပြီး မရှိဆင်းရဲသူများ အခမဲ့ တည်းခိုနိုင်သည့် ဧည်ရိပ်သာကို ဟားခါးမြို့ မြို့သစ်ရပ်ကွက်၊ G.T.I ပတ်လမ်းတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး မရှိဆင်းရဲနွမ်းပါးသူများ ဟားခါးမြို့သို့ ဆေးရုံတက်ရောက်ရန်လာရောက်သူတိုင်း တည်းခိုနိုင်ပြီ ဖြစ်ကြောင်း အခမဲ့ဧည်ရိပ်သာပိုင်ရှင် ဦးကျုံဟူးထံမှ သိရှိရသည်။

အောင်ခွီရှိန်း(ပြန်/ဆက်)