ဆဒုံးမြို့တွင် လူငယ်များနှင့် ဂိမ်းအန္တရာယ် အသိပညာပေး Talk Show ပြုလုပ်

ဆဒုံး မေ ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီက လူငယ်များနှင့်ဂိမ်းအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မာဝင်းက အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ယနေ့ခေတ် လူငယ်အများစုသည် ဂိမ်းကစားခြင်းဖြင့် ပျော်မွေ့အချိန်ကုန်ဆုံး နေတတ်ကြောင်း၊ ဂိမ်းကစားခြင်းသည် သာမန်အားဖြင့် အန္တရာယ်မရှိနိုင်ဟု ထင်စရာရှိသော်လည်း စွဲလန်းသွားပါက ရေရှည်မကောင်းနိုင်ပါကြောင်း၊ စိတ်အပန်းဖြေစေရန် ခဏတာကစားခြင်းက အန္တရာယ်မရှိပါကြောင်း၊ ဂိမ်းစွဲလမ်းခြင်းနှင့်ပတ်သက်သည် ဆိုးကျိုးအန္တရာယ် စသည်ဖြင့် အသိပညာပေးဆွေးနွေးခဲ့သည်။      

ဆက်လက်၍ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ညွန့်ရွှေက  ဂိမ်းစွဲလန်းခြင်းကြောင့် ချက်ချင်းလူကို မသေစေနိုင်သော်လည်း ဘဝကိုပျက်စီးစေနိုင်ပါကြောင်း၊ ဂိမ်းစွဲလန်းသူတွေသည် ပတ်ဝန်းကျင်နှင့်ကင်းကွာပြီး သီးခြားဖြစ်နေတတ်ပါကြောင်း၊ လူမှုဆက်ဆံရေး စီးပွားရေး၊ ပညာရေးများလည်းမရှိတော့ဘဲ ဂိမ်းကိုမဆော့ရမနေနိုင် ဖြစ်နေတတ်ပါကြောင်း၊ ဂိမ်းကို လုံးဝမကစားရဘူးလို့ မဆိုလိုသော်လည်း စိတ်အပန်းဖြေရန်အတွက် မိမိစိတ်ကို နိုင်အောင်ထိန်းပြီး ခဏတာကစားလျှင် အဆင်ပြေပါကြောင်း စသည်ဖြင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆဒုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်  အသိပညာပေး ဆွေးနွေးပွဲ (Talk Show) များကို လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show) များကို ဆဒုံးမြို့ရုံးမှ ဖွင့်လှစ်ထားသော We Love Sadone Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်မာဝင်း(ဆဒုံး)