မိုင်းယောင်း အောက်တိုဘာ ၇
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် နေရပ်အသီးသီးမှ ပြန်လည်ရောက်ရှိလာကြသည့် ဆရာ၊ ဆရာမများအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အလက(တပ်တွင်း)၊ အလက-ခွဲ(မုန်းလိုက်)နှင့် အမက(ယမ်းခမ်း)ကျောင်း Quarantine Center များတွင် အသွားအလာကန့်သတ်မှု ၁၄ ရက် ထားရှိကြောင်း သိရသည်။
အောက်တိုဘာ ၆ ရက်အထိ အလက(တပ်တွင်း)ကျောင်း Quarantine Center တွင် သုံးဦး၊ အလက-ခွဲ(မုန်းလိုက်)ကျောင်း Quarantine Center တွင် ၃၉ ဦး၊ အမက(ယမ်းခမ်း)ကျောင်း Quarantine Center တွင် ၁၂ ဦး စုစုပေါင်း ၅၄ ဦး ဝင်ရောက်လျက်ရှိပြီး ကျန်းမာရေး၊ ကြက်ခြေနီနှင့် ပညာရေးဝန်ထမ်းများက နေ့စဉ် အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်းနှင့် တာဝန်ရှိများက ဆရာ၊ ဆရာမများ အဆင်ပြေရေးအတွက် ဖြည့်ဆည်း ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း